စစ်အာဏာသိမ်းရက် ၁၀ဝ ပြည့် ဘဏ်အပ်ငွေထုတ်ယူမှု ပြဿနာကြီးနေ

ရန်ကုန်ရှိ KBZ ATM ငွေထုတ်စက် တခုမှာ ငွေထုတ်ဖို့ တန်းစီနေကြသူများ။ (ဧပြီ ၀၇၊ ၂၀၂၁)

[Zawgyi/Unicode]

စစ်တပ်က အာဏာသိမ်းယူခဲ့တာ ရက် ၁၀၀ ပြည့်လာချိန်မှာတော့ ရန်ကုန်မြို့က ATM ငွေထုတ်စက်တွေရှေ့မှာ ငွေထုတ်ယူဖို့ တန်းစီစောင့်နေကြတဲ့ လူတန်းရှည်ကြီးတွေဟာ နေ့စဉ် မြင်တွေ့နေကျ မြင်ကွင်းတခုဖြစ်လာနေပါတယ်။

ရန်ကုန်က ဘဏ်တခုရှေ့မှာ စောင့်နေကြသူတချို့က ရှေ့ဆုံးမှာ နေရာရဖို့အတွက် ညမထွက်ရအမိန့်ကိုတောင် မကြောက်နိုင်ဘဲ မနက်အစောကြီးကတည်းက လာတန်းစီနေတဲ့အကြောင်း AP သတင်းဌာနကိုပြောပါတယ်။

အချိန်အကြာကြီး စောင့်ရဖို့ တွက်ထားကြတာကြောင့် အများစုက စားသောက်စရာတွေ ကိုယ့်ဖာသာယူလာကြပါတယ်။ ဒါပေမဲ့လည်း လူများလွန်းတာကြောင့် ကိုယ်အလှည့်ရောက်တဲ့အခါ ထုတ်စရာငွေမရှိတော့ဘဲ လှည့်ပြန်သွားကြရသူကလည်း အများကြီးပါ။

ထုတ်ခွင့်ရသူတွေအနေနဲ့လည်း ကိုယ်လိုချင်သလောက်ငွေကို ထုတ်လို့ရတာ မဟုတ်ဘဲ ဘဏ်အများစုက တရက်ကို ကျပ်ငွေ ၂၀၀,၀၀၀ ပဲ ထုတ်ခွင့်ပေးထားတာပါ။

SEE ALSO: ဘဏ်အပ်ငွေထုတ်ဖို့ အကျိုးဆောင်ခ ပေးနေရ

ဘဏ်တွေက တိုကင်နံပါတ်နဲ့ အလှည့်ကျ တန်းစီထုတ်ယူဖို့ စီစဉ်ပေမဲ့လည်း တိုကင်နံပါတ်ယူဖို့ ဖုန်းခေါ်တဲ့အခါ ဖုန်းဖြေမယ့်သူမရှိတာ၊ အွန်လိုင်းကနေ တိုကင်နံပါတ်ယူတော့လည်း သုံးတဲ့လူများလွန်းတာကြောင့် အလုပ်မဖြစ်တာတွေနဲ့ ကြုံရတယ်လို့ ပြောကြပါတယ်။

ဒီအတောအတွင်းမှာပဲ ရွှေဈေးလည်း တက်လာနေပြီး ဒီကနေ့ ရန်ကုန်မှာ ၁၆ ပဲရည် အခေါက်ရွှေ တကျပ်သားကို ကျပ်ငွေ ၁၆ သိန်းကျော်အထိ ဈေးပေါက်တယ်လို့ ပြည်တွင်းကလာတဲ့ သတင်းတွေမှာ တွေ့ရပါတယ်။

အမေရိကန်ဒေါ်လာနဲ့ ကျပ်ငွေ လဲနှုန်းမှာလည်း ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျလာနေပြီး ဒီကနေ့မှာ တဒေါ်လာဝယ်ဈေး ၁,၇၀၀ ကျပ်အထိ ရှိလာပါတယ်။ လောင်စာဆီဈေးနဲ့ အခြေခံစားကုန်ဈေးနှုန်းတွေလည်း တဖြည်းဖြည်း ပိုတက်လာနေပါတယ်။

မြန်မာ့စီးပွားရေးဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အထိနာပြီးသား ဖြစ်နေရာကနေ စစ်တပ်က အာဏာသိမ်းယူလိုက်တာကြောင့် ပိုဆိုးလာပြီး ပြိုလဲကျမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ မကြာသေးခင်က အစီရင်ခံစာတခုမှာ သတိပေးထားပါတယ်။

Your browser doesn’t support HTML5

စစ်အာဏာသိမ်းရက် ၁၀ဝ ပြည့် ဘဏ်အပ်ငွေထုတ်ယူမှု ပြဿနာကြီးနေ

[Unicode Version]






SEE ALSO: CDM လုပ်တဲ့ တက္ကသိုလ်က ဆရာတွေနဲ့ ဝန်ထမ်း တသောင်းကျော် ရာထူးက ဆိုင်းငံ့



