အမေရိကန်ပြည်ထောင်စုအနေနဲ့ မြောက်ကိုရီးယားအစိုးရနဲ့ ကြိုတင်သတ်မှတ်ချက်တွေမပါဘဲ ဆွေးနွေးပြောဆိုမှုစတင်လုပ်ဆောင်သွားဖို့ ဆန္ဒရှိတယ်လို့ ပြောလိုက်ပြီး ရက်ပိုင်းအကြာမှာပဲ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ နဲ့ ဒီကနေ့မှာ တွေ့ဆုံပြီး၊ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ သူ့ရဲ့ နျူးကလီးယားလက်နက်အစီအစဉ်ကို စွန့်လွှတ်လာအောင် ဖိအားတွေအမြင့်ဆုံးပေးသွားဖို့ကိစ္စကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။
ဝန်ကြီး Tillerson ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres နဲ့လည်း ဒီကနေ့ တွေ့ဆုံမှာဖြစ်ပါတယ်။ အတွင်းရေးမှူးချုပ် Guterres နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တို့ မနေ့ ကြာသပတေးနေ့က တိုကျိုမြို့မှာ တွေ့ဆုံစဉ်အတွင်း မြောက်ကိုရီးယားအရေးကိစ္စဟာ အဓိကဆွေးနွေးခဲ့တဲ့အကြောင်းအရာဖြစ်ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြောက်ကိုရီးယားနိုင်ငံရဲ့ နျူးကလီးယားနဲ့ဒုံးကျည်အစီအစဉ်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့တဲ့ ဆုံးဖြတ်ချက်တွေကို နိုင်ငံအားလုံးအနေနဲ့ အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်သွားဖို့လိုအပ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Guterres က ထပ်လောင်းပြောကြားလိုက်ပါတယ်။
Your browser doesn’t support HTML5