Jerusalem ကိစ္စကန့်ကွက်ပွဲ ပါလက်စတိုင်း တဦးသေဆုံး

Jerusalem ဆန္ဒပြပွဲ။

ဂျေရုဆလင်မ်ကို အစ္စရေးလ်နိုင်ငံရဲ့မြို့တော်အဖြစ် အသိအမှတ်ပြုဖို့ အမေရိကန်က ဆုံးဖြတ်ခဲ့တဲ့အပေါ် အမေရိကန်ရဲ့ အခိုင်အမာ မဟာမိတ်တချို့ကိုယ်တိုင်က သောကြာနေ့ကလုပ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးအတွင်း ကန့်ကွက်ခဲ့ကြပါတယ်။

ဒါဟာ နိုင်ငံတကာဥပဒေ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေနဲ့ ဆန့်ကျင်နေတယ်လို့ ကောင်စီဥက္ကဌ ဆွီဒင် သံအမတ်ကြီး Olof Skoog ကပြောပါတယ်။ ဂျေရုဆလင်မ်ဟာ နောက်ဆုံးဖြေရှင်းသတ်မှတ်ရမယ့်ကိစ္စဖြစ်ပြီး သက်ဆိုင်သူတွေ အကြား စေ့စပ်ညှိနှိုင်းမှုတွေနဲ့သာ ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ကောင်စီဥက္ကဌက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ပါလက်စတိုင်းတွေက Day of Rage ဒေါသနေ့လို့သတ်မှတ်ပြီး သောကြာနေ့ကလုပ်တဲ့ ကန့်ကွက်ဆန္ဒပြပွဲ အတွင်း ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးလ်စစ်သားတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးတဲ့နောက် အစ္စရေးလ်စစ်တပ်က ပစ်တဲ့ အတွက် ပါလက်စတိုင်းအမျိုးသားတဦး သေဆုံးသွားပါတယ်။

အစ္စရေးလ်-ဂါဇာနယ်စပ်တလျှောက်မှာဖြစ်တဲ့ ရုန်းရင်းဆန်ခတ်မှုတွေအတွင်း အသက် ၃၀ အရွယ် Mahmoud al-Masri သေဆုံး သွားတယ်ဆိုတာ အစ္စရေးလ်ကျန်းမာရေးဌာနက အတည်ပြုပါတယ်။ ဂါဇာတောင်ပိုင်းက Khan Yunis အရပ်မှာ အကြမ်းဖက် အဓိကရုဏ်းတွေဖြစ်အောင် အဓိကလှုံ့ဆော်စည်းရုံးသူတွေလို့ စွပ်စွဲပြီး လူနှစ်ယောက်ကို ပစ်ခတ်ခဲ့တဲ့အကြောင်း အစ္စရေးလ် စစ်တပ်ကအတည်ပြုပါတယ်။ Bethlehem မှာလုပ်တဲ့ Day of Rage ဆန္ဒပြပွဲအတွင်း ပါလက်စတိုင်း ဆန္ဒပြသူတွေကို အစ္စရေးလ်ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေသုံးပြီး ဖြိုခွဲခဲ့ပါတယ်။

Your browser doesn’t support HTML5

Jerusalem ကိစ္စကန့်ကွက်ပွဲ ပါလက်စတိုင်း တဦးသေဆုံး