ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေပြင်ဖို့ Reupblican အမတ်တွေကို Trump ဖိအားပေး

သမ္မတ Trump နဲ့ အိမ်ဖြူတော်မှာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေဆိုင်ရာ တွေ့ဆုံပြီးနောက် ရီပတ်ပလီကန် ခေါင်းဆောင်တွေ သတင်းစာရှင်းလင်း။

အမေရိကန်ပြည်ထောင်စုရဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဥပဒေကို ပြန်ပြင်ဖို့ကိစ္စ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် ယုံကြည်မှု ပြန်ရလာတယ်လို့ရီပတ်ဘလီကန် လွှတ်တော်အမတ်တွေက ပြောပါတယ်။

အရင်သမ္မတ ဘရာ့ခ် အိုဘားမား လက်ထက်က ပြဌာန်းသွားတဲ့ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကို ဖျက်သိမ်းပစ်နိုင်မယ့် ဥပဒေ အသစ်ကို မရေးဆွဲနိုင်ဘူးဆိုရင် သြဂုတ်လ လွှတ်တော် အားလပ်ရက်ကို မယူသင့်ဘူးလို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ရီပတ် ဘလီကန် လွှတ်တော်အမတ်တွေကို ဗုဒ္ဓဟူးနေ့က ပြောခဲ့တာပါ။

ကျန်းမာရေး အာမခံ အစီအစဉ်တခု ထွက်မလာဘူးဆိုရင် အနားယူဖို့ မသွားသင့်ဘူးလို့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်မှာ နေ့လည်စာစားရင်း တွေ့ဆုံဆွေးနွေးခဲ့တဲ့ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ၄၉ ယောက်ကို သမ္မတ ထရမ့်ပ်က ပြောတာပါ။

ရီပတ်ဘလီကန်ပါတီက ရေးဆွဲတဲ့ ဒုတိယ ဥပဒေမူကြမ်း အပေါ် ဘဏ္ဍာရေးဆိုင်ရာ ကွန်ဆာဗေးတစ်အယူ ရှိသူတွေနဲ့ ပိုပြီးတော့ အလယ်အလတ် အယူရှိတဲ့ အမတ်တွေ အကြား သဘောမတူနိုင်တာကြောင့် မူကြမ်းအတည်ပြုရေး ပျက်သွားအပြီး နှစ်ရက်အကြာမှာ သမ္မတထရမ့်ပ်က လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံတာ ဖြစ်ပါတယ်။

သဘောထား ကွဲတာတွေ နည်းသွားပါပြီလို့ ဆွေးနွေးပွဲအပြီးလွှတ်တော်ကို ပြန်အရောက်မှာ တက္ကဆက်စ် ပြည်နယ် အထက် လွှတ်တော်အမတ် John Cornyn ကပြောပါတယ်။ အိုဘားမားကဲလို့ အများအားဖြင့် သိထားကြတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာဥပဒေကို ဖျက်ပစ်ပြီး အစားထိုးမယ်လို့ မဲဆန္ဒရှင်တွေကို ခုနစ်နှစ်ကြာ ပေးလာတဲ့ ကတိအတိုင်း လုပ်ဖို့လိုတယ်လို့လည်း အထက်လွှတ်တော်မှာ လူများစုဖြစ်တဲ့ ရီပတ်ဘလီကန်တွေကို သမ္မတထရမ့်ပ်က အထူးအလေးထား ပြောခဲ့ပါတယ်။

Your browser doesn’t support HTML5

ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေပြင်ဖို့ Reupblican အမတ်တွေကို Trump ဖိအားပေး