သမ္မတထရမ့်ကိုတရားစွဲဆိုနိုင်တယ်လို့ ပြောဆိုသူ ရီပတ်ဘလီကန် အောက်လွှတ်တော်အမတ်ကို ထရမ့်ပုတ်ခတ်

အမေရိကန် သမ္မတ Donald Trump ကို တရားစွဲဆိုနိုင်ရေး ပြောလာတဲ့ ပထမဆုံးသော ရီပတ်ပလီကန်ဖြစ်တဲ့ Michigan လွှတ်တော် အမတ် Justin Amash ဟာ ဘာမှ အရေးမပါသူလို့ အမေရိကန် သမ္မတ Trump က တနင်္ဂနွေနေ့မှာ ပုတ်ခတ် ပြောဆိုလိုက်ပါတယ်။ အမေရိကန် ခေါင်းဆောင်က သူဟာ သက်တမ်း ၅ ကြိမ် ရွေးကောက်ခံထားရသူ အောက်လွှတ်တော် အမတ်ကို ဘယ်တုန်းကမှ ထောက်ခံသူ မဟုတ်ကြောင်းလည်း ပြောပါတယ်။

အောက်လွှတ်တော် အမတ် Amash က အငြင်းအခုံတွေကြားကနေ သူနာမည်ရဖို့ အတွက် ကြီးမြတ်တဲ့ ရီပတ်ပလီကန် အတွေးအခေါ်တွေ၊ မူဝါဒတွေနဲ့ သူ့အပေါ် ဆန့်ကျင်တာလို့လည်း သမ္မတက စွပ်စွဲ ပြောဆိုပါတယ်။ Amash ဟာ အတိုက်အခံတွေ စိတ်ကြိုက် လုပ်နေတဲ့ အရှုံးသမားတယောက်လို့လည်း သမ္မတ Trump က ပြောပါတယ်။

၂၀၁၆ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားတို့ ဝင်ရောက် နှောင့်ယှက်ခဲ့မှုနဲ့ ပတ်သက်ပြီး အထူးစုံစမ်းရေးမှူး Robert Mueller ရဲ့ ၂၂ လကြာ စုံစမ်းစစ်ဆေးမှုတွေကို သမ္မတ Trump က ဟန့်တားဖို့ ကြံစည်မှုဟာဆိုရင် တရားစွဲဆိုနိုင်တဲ့ အပြုအမူကို လုပ်တာလို့ အောက်လွှတ်တော် အမတ် Amash က စွပ်စွဲပြောဆိုတာဟာဆိုရင် ဒီမိုကရက် လွှတ်တော် အမတ် အများအပြားရဲ့ ပြောဆိုချက်နဲ့ ဆင်တူနေတာ ဖြစ်ပါတယ်။

ဒီမိုကရက် အောက်လွှတ်တော် အမတ်တချို့ကတော့ သမ္မတ Trump ကို တရားစွဲဆိုနိုင်ရေး ပြောဆိုနေကြပေမယ့် အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi ကတော့ တရားစွဲဆိုရေး ကြားနာမှုတွေ စဖို့ အတည်ပြုချက် မပေးထားပါဘူး။ ဒါပေမယ့်လည်း သမ္မတ Trump ရဲ့ စီးပွားရေး ပတ်သက်ဆက်နွယ်မှုတွေ၊ အခွန်ကိစ္စ၊ နောက် အိမ်ဖြူတော်မှာ ၂ နှစ်ကျော်ကြာ သမ္မတရဲ့ လုပ်ဆောင်ချက်တွေ အပေါ် လွှတ်တော် ကော်မတီတွေက စုံစမ်းစစ်ဆေးမှု အသစ်တွေ လုပ်နေတာနဲ့ အတူ ဖြစ်နိုင်ခြေတွေကိုတော့ လမ်းဖွင့်ထားဆဲ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

သမ္မတထရမ့်ကိုတရားစွဲဆိုနိုင်တယ်လို့ ပြောဆိုသူ ရီပတ်ဘလီကန် အောက်လွှတ်တော်အမတ်ကို ထရမ့်ပုတ်ခတ်