သမ္မတ ဘရာ့ခ် အိုဘားမားရဲ့ အီရတ်နဲ့ဆီးရီးယားဆိုင်ရာ မူဝါဒတွေကို ရီပတ်ဘလီကန်သမ္မတလောင်း Donald Trump က ထပ်ပြီးတော့ အပြင်းအထန် ဝေဖန်ပြောဆိုပါတယ်။ သမ္မတအိုဘားမားဟာ IS အကြမ်းဖက်အဖွဲ့ကို ထူထောင်သူ ဆိုပြီးတော့ Trump က ပြောပါတယ်။
“သူဟာ ISIS အဖွဲ့ကို ထူထောင်သူပါ။ သူဟာ ISIS အဖွဲ့ကို ထူထောင်သူပါ။ သူဟာ ISIS အဖွဲ့ကို ထူထောင်ခဲ့ပါတယ်။” လို့ ဖလော်ရီဒါပြည်နယ်မှာ ဗုဒ္ဓဟူးနေ့ညကလုပ်တဲ့ မဲဆွယ်စည်းရုံးပွဲတခုအတွင်း Trump က ပြောပါတယ်။
IS အဖွဲ့ကို ပူးတွဲ ထူထောင်သူကတော့ “ကလိမ်ကကျစ်” ဟီလာရီ ကလင်တန်ပါပဲလို့လည်း Trump ကပြောပါတယ်။
IS အကြမ်းဖက်အဖွဲ့ ပေါ်လာစေတဲ့ မူဝါဒတွေကို ထောက်ခံခဲ့တယ်ဆိုပြီးတော့ ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီ ကလင်တန်ကို အရင်တုန်းကလည်း Trump က စွပ်စွဲထားဖူးပါတယ်။ ဒါပေမဲ့လည်း အခုတကြိမ်ကတော့ လက်ရှိအစိုးရအပေါ် ပိုပြီး အပြင်းအထန် ဝေဖန်တာပါ။ ဖြစ်ရပ်အတော်များများမှာ သမ္မတအိုဘားမားကို IS အဖွဲ့က လေးစားကြတယ်လို့လည်း ဆိုပါ တယ်။
သူပြောခဲ့တာတွေနဲ့ပတ်သက်ပြီး CNBC သတင်းဌာနက ကြာသပတေးနေ့မနက်ပိုင်းမှာ မေးတဲ့အခါ Trump က ထပ်ပြောပြီး အီရတ်စစ်ပွဲကို အရင်က သူဆန့်ကျင်ခဲ့ဖူးတာနဲ့ ဆက်စပ်ပြောဆိုပါတယ်။ ဟီလာရီ ကလင်တန်ဟာ အထက်လွှတ်တော်အမတ် ဘဝတုန်းက အီရတ်စစ်ပွဲကို ထောက်ခံမဲပေးခဲ့တာပါ။
Your browser doesn’t support HTML5