သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အမျိုးသားလုံခြုံရေး ကျွမ်းကျင်သူများ Trump ကိုထောက်ခံမည် မဟုတ်


ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း Donald Trump ဟာ သမ္မတအရည်အချင်းနဲ့ ပြည့်မီမှုမရှိတဲ့အတွက် ထောက်ခံမှုပေးမှာ မဟုတ်တဲ့ အကြောင်း ရီပတ်ဘလစ်ကန် အထက်လွှတ်တော် အမတ်တဦးနဲ့ အမျိုးသားလုံခြုံရေး အရာရှိဟောင်းတွေက ပြောဆိုလိုက်ကြပါတယ်။

Trump ဟာ ပါတီရဲ့ စံ တန်ဖိုးတွေကို ကိုယ်စားမပြုသူ၊ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့်သူ မဟုတ်တာကြောင့် ထောက်ခံမှာ မဟုတ်တဲ့အကြောင်း ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Susan Collins ကပြောဆိုလိုက်တာပါ။ မဆင်မခြင် ပြောဆိုမှုတွေ၊ ဂဃနဏ မသိပဲ မှတ်ချက်ပေး ပြောဆိုတာတွေ လုပ်လေ့ရှိတတ်တဲ့ Trump သာ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရရင် ကမ္ဘာကြီးအတွက် ပိုပြီးအန္တရာယ်ရှိတယ်လို့လည်း ၁၉၉၆ ခုနှစ်ကတည်းက အထက်လွှတ်တော် အမတ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Collins က ဝါရှင်တန်ပို့စ် သတင်းစာမှာ ရေးသားခဲ့တာပါ။

အထက်လွှတ်တော်အမတ်ရဲ့ ဆောင်းပါးအပေါ် Trump ရဲ့ စည်းရုံးရေး အစီအစဉ် တာဝန်ရှိသူတွေဖက်က တစုံတရာ တုံ့ပြန်တာမျိုးတော့ မရှိခဲ့ပါဘူး။

ဒါပေမဲ့လည်း အရင် ရီပတ်ဘလစ်ကန် သမ္မတဟောင်းတွေ လက်ထက်မှာ တာဝန်ယူခဲ့ဖူးကြတဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒရေးရာ အရာရှိဟောင်း ၅၀ စုပေါင်းပြီး၊ Trump ကို ထောက်ခံမှု ပေးမှာမဟုတ်တဲ့ အကြောင်း အိတ်ဖွင့်ပေးစာတစောင် ထုတ်ပြန်ခဲ့တာကိုတော့ တုံ့ပြန်ခဲ့ပါတယ်။

အမေရိကန် အမိမြေ လုံခြုံရေးဌာန ဝန်ကြီးဟောင်းတွေ ဖြစ်ကြတဲ့ Michael Chertoff နဲ့ Tom Ridge အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA အကြီးအကဲဟောင်း Michael Hayden အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်းလည်းဖြစ်၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်း လည်းဖြစ်တဲ့ John Negroponte တို့ အပါအဝင် ရီပတ်ဘလစ်ကန် အရာရှိဟောင်းတွေက၊ Trump ဟာ သမ္မတ အရည်အချင်းနဲ့ ပြည့်မီမှု မရှိတဲ့အကြောင်း ပြောဆိုခဲ့ကြတာပါ။

အမေရိကန်အတွက် အရေးကြီးတဲ့ အကျိုးစီးပွားတွေ၊ နက်နဲတဲ့ သံတမန်ရေးရာ စိန်ခေါ်မှုတွေ၊ မရှိမဖြစ် လိုအပ်တဲ့ မဟာမိတ် ဆက်ဆံရေးတွေနဲ့ အမေရိကန် နိုင်ငံခြားရေးမူဝါဒတွေကို ဒီမိုကရေစီ စံတန်ဘိုးတွေအပေါ် အခြေခံ တည်ဆောက်ရတယ် ဆိုတာကို Trump အနေနဲ့ ကျကျနန နားမလည်ဘူးဆိုတာကို ထပ်တလဲလဲ ပြသနေတယ်လို့လည်း စာထဲမှာ ဖော်ပြထားပါတယ်။ Trump ရဲ့ စည်းရုံးရေး အစီအစဉ် တာဝန်ရှိသူတွေကတော့ ဒီစာဟာ အာဏာလက်မလွှတ်ချင်တဲ့ ရေပေါ်ဆီနိုင်ငံရေး သမားတွေရဲ့ ပြောဆိုချက်အဖြစ်နဲ့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG