နိုင်ငံတော်လျှို့ဝှက်စာတမ်းအမှု တရားခွင်ဆိုင်းငံ့ထားဖို့ သမ္မတဟောင်း Trump တောင်းဆို

Las Vegas မဲဆွယ်စည်းရုံးရေးဆင်းနေတဲ့ အမေရိကန် သမ္မတဟောင်း Donald Trump၊ ဂျူလိုင် ၈၊ ၂၀၂၃

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ သူ့အပေါ်စွဲဆိုထားတဲ့ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ စာရွက်စာတမ်းတွေနဲ့ ပတ်သက်တဲ့ အမှုတွေရဲ့ တရားခွင်ကို နောက်ဆုတ်ပေးဖို့ တနင်္လာနေ့နှောင်းပိုင်းက ဖယ်ဒရယ် တရားသူကြီး တဦးကိုတောင်းဆိုလိုက်ပါတယ်။ ထရမ့်အနေနဲ့ အမှုကိစ္စရပ်တွေကို လေ့လာပြင်ဆင်နိုင်ဖို့ အစိုးရရှေ့နေတွေ တောင်းဆိုထားတဲ့ ဒီဇင်ဘာရုံးချိန်းရက်ထက် ပိုပြီး အချိန်လိုအပ်ကြောင်း သူ့ရဲ့ ရှေ့နေတွေကပြောပါတယ်။

မစ္စတာ ထရမ့်ဟာ သမ္မတသက်တမ်းကုန်ဆုံးပြီးနောက်မှာ ဖလော်ရီဒါပြည်နယ်က သူ့ရဲ့ မာရာလာဂို အပန်းဖြေ စံအိမ်ကြီးကို ထိပ်တန်းလျှို့ဝှက်စာရွက်စာတမ်းတွေ တရားမ၀င်ယူဆောင်သွားမှု၊ သူ့ရဲ့ လက်ထောက် ဖြစ်သူ Walt Naut နဲ့အတူ ဒီစာရွက်စာတမ်းတွေကို အစိုးရ စုံစမ်းစစ်ဆေးရေးမှူးအရာရှိ တွေ ပြန်လည်ရယူတာကိုတားဆီးမှု စတဲ့ဆက်စပ်နေတဲ့အမှုပေါင်း ၃၇ မှုနဲ့ ရင်ဆိုင်နေရတာပါ။

အစိုးရရှေ့နေတွေက နှစ်ဖက်စလုံးအတွက် ပြင်ဆင်ချိန်ပိုရဖို့ တရားရုံးကမူလသတ်မှတ်ထားတဲ့ သြဂုတ်လ ၁၁ ရက်နေ့ထက် ၄ လ ရွှေ့ဆိုင်းပြီး ဒီဇင်ဘာ ၁၁ ရက်အထိ တောင်းဆိုထားတာပါ။

ဒါပေမယ့် ဒီဇင်ဘာရုံးချိန်းက “လက်တွေ့မကျဘူး” လို့ ထရမ့်ဖက်က တရားရုံးမှာ ပြောဆိုပြီး “ရက်တိုးတောင်းတာက တကယ်လိုအပ်သလို အကျိုးအကြောင်း သင့်လျော်တယ်” လို့ မစ္စတာထရမ့်ရဲ့ ရှေ့နေတွေက ဆိုပါတယ်။

အရင်လက မိုင်ယာမီကဖယ်ဒရယ် ဗဟိုတရားရုံးမှာ စွဲချက်တွေနဲ့ ပတ်သက်ပြီး “အပြစ်မရှိကြောင်း” ထွက်ဆိုထားတဲ့ သမ္မတဟောင်း ထရမ့်ဟာ အမေရိကန်တဝန်း ကောက်ခံခဲ့တဲ့လူထု စစ်တမ်းအရ လာမယ့် ၂၀၂၄ ခုနှစ် ရီပတ်ဘလီကန် သမ္မတလောင်းအဖြစ် ထိပ်ဆုံးကဦးဆောင်နေပါတယ်။

Your browser doesn’t support HTML5

နိုင်ငံတော်လျှို့ဝှက်စာတမ်းအမှု တရားခွင်ဆိုင်းငံ့ထားဖို့ သမ္မတဟောင်း Trump တောင်းဆို