Mr.Trump ကို တိုင်းမဂ္ဂဇင်းက Person of the Year ရွေးချယ်

(Photo via @TIME on Twitter)

အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump ကို Times မဂ္ဂဇင်းကြီးက ဒီနှစ်အတွက် အထူးခြားဆုံး ပုဂ္ဂိုလ် “Person of the Year” အဖြစ် ရွေးချယ်ခံရပါတယ်။

ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် ၂၀၁၆ ခုနှစ် ကာလတလျှောက်မှာတော့ Trump က လူတွေရဲ့ အာရုံကို ဖမ်းအစားနိုင်ဆုံးဖြစ်တာကြောင့်လို့ ဆိုပါတယ်။ Times မဂ္ဂဇင်းကြီးရဲ့ ကြေညာချက် ထွက်ပြီးတဲ့နောက် NBC ရုပ်သံနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ Trump က ဒါဟာ ကြီးမားတဲ့ ဂုဏ်ပြုခံရမှုပါလို့ ပြောပါတယ်။

Times မဂ္ဂဇင်းဟာ တကယ့် အရေးပါတဲ့ မဂ္ဂဇင်းကြီး တခုဖြစ်ပြီး ဒီမဂ္ဂဇင်းကြီးရဲ့ မျက်နှာဖုံးစာမျက်နှာမှာ ဒီနှစ်အတွင်း အကြိမ်အတော်များများ ဖော်ပြခံရတာဟာ ကျနော့်အတွက် ကံကောင်းတာပါပဲလို့လည်း Trump က ပြောပါတယ်။

ဝါရှင်တန်ဒီစီမှာရှိနေတဲ့ အစိုးရ အခွင့်ထူးခံလူတန်းစားတွေကို ရှင်းလင်းပစ်ပြီး အစိုးရရဲ့ လျစ်လျူရှု ခံထားရတဲ့ ပြည်သူတွေအတွက် အပြောင်းအလဲတွေ လုပ်သွားမယ်ဆိုတဲ့ ကတိတွေပေးပြီး ပြီးခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ Trump အနိုင်ရလာခဲ့တာပါ။

Times မဂ္ဂဇင်းကြီးရဲ့ အထူးခြားဆုံးပုဂ္ဂိုလ် အဖြစ် နောက်ဆုံး ဇကာတင်အရွေးခံထားရသူ ၁၀ ယောက်ထဲကနေမှ နောက်ဆုံး Trumpရွေးချယ်ခံရတာပါ။ သမ္မလောင်း ရွေးကောက်ပွဲမှာ သူနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ဟီလာရီကလင်တန်ကတော့ Trump ရဲ့ ဒုတိယနေရာ လိုက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ ဂျာမနီဝန်ကြီးချုပ် အန်ဂလာမာခဲလ်က Times မဂ္ဂဇင်းရဲ့ အထူးခြားဆုံးပုဂ္ဂိုလ်အဖြစ် အရွေးခံခဲ့ရပြီး Trump ကတော့ အဲဒီအချိန်က ဒုတိယနေရာလိုက်ခဲ့တာပါ။

Your browser doesn’t support HTML5

Mr.Trump ကို တိုင်းမဂ္ဂဇင်းက Person of the Year ရွေးချယ်