လူ သိန်းနဲ့ချီသေဆုံးခဲ့တဲ့ အာရှ ဆူနာမီ မနက်ဖြန် နှစ် ၂၀ ပြည့်ပြီ

၂၀၀၄ ခုနှစ် ဆူနာမီရေလှိုင်းရိုက်ခတ်မှုအတွင်း သေဆုံးခဲ့ကြသူတွေရဲ့အမည်နဲ့တည်ဆောက်ထားတဲ့ အင်ဒိုနီးရှားနိုင်ငံ၊ အာချေးဒေသက အောက်မေ့ဖွယ်နံရံတံတိုင်းဆီကို လာရောက်ကြည့်ရှုကြသူများ။ (ဒီဇင်ဘာ ၁၄၊ ၂၀၂၄)

မနက်ဖြန်ဒီဇင်ဘာလ ၂၆ ရက်နေ့ဟာ အင်ဒိုနီးရှား၊ ထိုင်း၊ သီရိလင်္ကာနဲ့ မြန်မာအပါအဝင် ဒါဇင်နဲ့ချီတဲ့ နိုင်ငံတွေမှာ လူပေါင်း ၂၂၀,၀၀၀ (နှစ်သိန်းနှစ်သောင်း) ကျော်သေဆုံးစေခဲ့တဲ့ ဆူနာမီရေလှိုင်းကြီး ရိုက်ခတ်ခဲ့တဲ့ အနှစ် ၂၀ ပြည့် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်း၊ အာချေးကမ်းခြေအနီး အိန္ဒိယသမုဒ္ဒရာအောက်မှာ ပြင်းအား ၉ ဒသမ ၁ ရှိတဲ့ ငလျင်လှုပ်ခဲ့တဲ့အတွက် ပေ ၁၀၀ လောက်မြင့်တဲ့ ဆူနာမီရေလှိုင်းကြီး ဖြစ်ပေါ် ခဲ့ပါတယ်။

ဒီရေလှိုင်းကြီးဟာ အင်ဒိုနီးရှား အာချေးပြည်နယ်ကမ်းခြေကို ရိုက်ခတ်ခဲ့သလို ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာစတဲ့နိုင်ငံတွေအထိ ကူးစက်ခဲ့ပြီး ဒီ ဆူနာမီလှိုင်းဟာ သြစတြေးလျားနဲ့ အာဖရိကတိုက်နိုင်ငံတွေ အထိရောက်ရှိခဲ့ပါတယ်။

ဆူနာမီလှိုင်း အဆိုးဆုံးရိုက်ခတ်ခံခဲ့ရတာကတော့ အင်ဒိုနီးရှားဖြစ်ပြီး လူပေါင်း ၁၃၀,၀၀၀ (တသိန်းသုံးသောင်း) ကျော် သေဆုံးခဲ့ပါတယ်။ ဒုတိယအဆိုးဆုံးခံခဲ့ရတာကတော့ သီရိလင်္ကာကျွန်း နိုင်ငံဖြစ်ပြီး လူပေါင်း ၃၁,၀၀၀ (သုံးသောင်းတထောင်) ကျော် သေဆုံးခဲ့ပါတယ်။ အိန္ဒိယမှာ လူ ၁၆,၀၀၀ (တသောင်းခြောက်ထောင်ကျော်)၊ ထိုင်းမှာ ၅,၀၀၀ ကျော်နဲ့ မြန်မာနိုင်ငံမှာ ၆၀ ကျော် သေဆုံးတယ်လို့ တရား ဝင်စာရင်းတွေမှာဖေါ်ပြပါတယ်။ အခြားနိုင်ငံတွေမှာလည်း ထိခိုက်သေဆုံးမှု ရှိခဲ့ပါတယ်။ လူပေါင်းနှစ်သန်းလောက်ဟာလည်း အိုးအိမ်တွေဆုံးရှုံးခဲ့ရပါတယ်။

ထိုင်းနိုင်ငံမှာ ပျောက်ဆုံးသူ ၃,၀၀၀ ကျော်အပါအဝင် စုစုပေါင်းသေဆုံး ၅,၀၀၀ ကျော်ထဲမှာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား အများအပြားပါဝင်ပါတယ်။

အခုလို လူအများအပြား သေဆုံးရတာဟာ ကြိုတင်သတိပေးစနစ်တွေအားနည်းတဲ့အတွက်ကြောင့် ဖြစ်တယ်ဆိုပြီး ထိုင်းနိုင်ငံအပါအဝင် နိုင်ငံအသီးသီးမှာ ကြိုတင်သတိပေးစနစ်တွေ နောက်ပိုင်းမှာ တပ်ဆင်လာကြပါတယ်။

Your browser doesn’t support HTML5

လူ သိန်းနဲ့ချီသေဆုံးခဲ့တဲ့ အာရှ ဆူနာမီ မနက်ဖြန် နှစ် ၂၀ ပြည့်ပြီ