လူသားချင်းစာမှု အကူအညီပေးရေး တူရကီစတင်ဆောင်ရွက်

ရခိုင်ပြည်နယ်က ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်လို့ တူရကီ သမ္မတက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး မကြာခင်မှာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အဝတ်အထည် စတဲ့ တန်ချိန် တသောင်းရှိတဲ့ အကူအညီတွေ ပေးပို့သွားမှာ ဖြစ်ကြောင်း တူရကီသမ္မတက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ တချိန်ထဲမှာဘဲ တူရကီ နိုင်ငံခြားရေး ဝန်ကြီးဟာလည်း ဘင်္ဂလာဒေ့ရှ် နိုင်ငံကို ဗုဒ္ဓဟူးနေ့က ထွက်ခွာသွားပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေး ဆွေးနွေးဖို့ ရှိနေပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ သြဂုတ်လ ၂၅ ရက်နေ့က ပြန်လည် ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည်တွေ အရေး ကိုင်တွယ် ဖြေရှင်းတဲ့ ကိစ္စနဲ့ ပတ်သက်လို့ တူရကီက မြန်မာအစိုးရကို ဝေဖန် ပြောဆိုမှုတွေ မကြာခန ပြုလုပ်လာနေ သလို ဒီကိစ္စမှာ ထဲထဲဝင်ဝင် ပါဝင် ပတ်သက် လာနေတာလည်း ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေ အရေး စစ်တပ်က စစ်ဆင်ရေး ပြုလုပ်နေတဲ့ လုပ်ရပ်အပေါ် သမ္မတ Recep Tayyip Erdogan က ပြင်းပြင်းထန်ထန် ဝေဖန် ပြောကြား လိုက်ပါတယ်။

“ အဲဒီဒေသမှာ လူမျိုးတုန်း သတ်ဖြတ်မှု ဖြစ်နေပါတယ်။ အဲဒီလို လူမျိုးတုန်း သတ်ဖြတ်နေတဲ့ ကိစ္စကို ဒီမိုကရေစီ ဆိုတဲ့ အရေခြုံပြီး မျက်စိမှိတ် နေကြသူတွေဟာ ဒီ သတ်ဖြတ်မှုမှာ ပူးပေါင်း ဆောင်ရွက် နေသူတွေ ဖြစ်တယ်။”

တူရကီ အစိုးရ အနေနဲ့ လက်ရှိမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် တန်ချိန် တထောင်ရှိတဲ့ အကူအညီတွေကို ပို့ပေးခဲ့ပြီး ဖြစ်ပါတယ်။ အခု ဒုတိယ အသုတ် အနေနဲ့ နောက်ထပ် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အဝတ်အထည် အကူအညီ တန်ချိန် တသောင်းကို တူရကီ အကူအညီပေးရေး အေဂျင်စီဖြစ်တဲ့ TIKA အဖွဲ့က ပို့ပေးဖို့ စီစဉ်နေကြောင်း အန်ကာရာ မြို့မှာ ကျင်းပတဲ့ လက်ရှိ အာဏာရ AK ပါတီ စည်းဝေးပွဲ တခုမှာ သမ္မတ Recep Tayyip Erdogan က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

“ ဒုတိယအသုတ် အဖြစ်နဲ့ တန်ချိန် တသောင်းရှိတဲ့ အကူအညီတွေကို ပို့ပေးမှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ စားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေ၊ အဝတ်အထည်တွေ ပါဝင်ပါမယ်။ မကြာခင်မှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပဖို့ ရှိနေပါတယ်။ ညီလာခံက ဒီလ ၁၉ ရက်နေ့မှာ စမှာဖြစ်ပေမယ့် ကျနော်တို့ကတော့ အဲဒီကို ၁၇ ရက်နေ့မှာ သွားပါမယ်။ အထွေထွေ ညီလာခံဟာ အခုလို အရေးပါတဲ့ကိစ္စကို ဆွေးနွေးဖို့အတွက် အသင့်တော်ဆုံး နေရာဖြစ်ပါတယ်။ ကျနော် အဲဒီမှာ မိန့်ခွန်း ပြောပါမယ်။”

သမ္မတ Erdogan နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေ အတွက် ပြီးခဲ့တဲ့ အင်္ဂါနေ့က တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောခဲ့ကြတာ ဖြစ်ပါတယ်။

သမ္မတ Erdogan ဟာ မနှစ်က တူရကီနိုင်ငံမှာ ဖြစ်သွားခဲ့တဲ့ အာဏာသိမ်းရန် ကြံစည်မှုကိစ္စကို အကြမ်းဖက် ကိုင်တွယ် ဖြေရှင်းမှုမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး နိုင်ငံတကာရဲ့ ပြစ်တင် ဝေဖန်မှုတွေကို ခံနေရတာ ဖြစ်ပါတယ်။ သမ္မတ Erdogan ဟာ ရိုဟင်ဂျာ အရေးအတွက် တခြား မွတ်ဆလင် ခေါင်းဆောင်တွေနဲ့ ပြောဆို ဆွေးနွေးနေပြီး ဒီကိစ္စကို အခုလ နှောင်းပိုင်းမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်ပြ ဆွေးနွေးသွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

တချိန်ထဲမှာပဲ တူရကီ နိုင်ငံခြားရေး ဝန်ကြီး Mevlut Cavusoglu ကလည်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေး ဆွေးနွေးဖို့ အတွက် ဗုဒ္ဓဟူးနေ့မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို သွားရောက်မှာ ဖြစ်ကြောင်း Azerbaijan နိုင်ငံ၊ Baku မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

“ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ လူသားချင်း စာနာမှုဆိုင်ရာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ကိစ္စကို ကမ္ဘာ့ ပြည်သူတွေ ရှေ့မှာ စိတ်မချမ်းမြေ့စွာ တွေ့မြင် နေရပါတယ်။ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ကျနော်တို့ ဒီကနေ့ သွားပါမယ်။ ရခိုင်ပြည်နယ်မှာ အရင်ကလည်း ပြဿနာတွေ ဖြစ်ခဲ့ဘူးပါတယ်။ ရခိုင်ပြည်နယ်မှာ အရင်က ဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့်ရော၊ အခုနောက်ဆုံး ဖြစ်ပေါ်နေတဲ့ ပဋိပက္ခကြောင့်ပါ ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ပြေးလာကြတဲ့ ကျနော်တို့ရဲ့ ရိုဟင်ဂျာ ညီအကိုတော်တွေကို ကျနော်တို့ သွားတွေ့ပါမယ်။”

တူရကီနိုင်ငံက အကူအညီတွေ ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်း မောင်တောနဲ့ ဘူးသီးတောင် ဒေသတွေကို ပို့ပေးမှာ ဖြစ်ပေမယ့် သယ်ယူပို့ဆောင် သွားရေး အခက်အခဲ ရှိတဲ့အတွက် ရဟတ်ယာဉ်နဲ့ ချပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေ အတွက် အမြဲတမ်း ဖြေရှင်းချက် တရပ် ရှာဖွေ လုပ်ဆောင်ရမှာ ဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီး Cavusoglu က ပြောပါတယ်။

“ရခိုင်ပြည်နယ် အတွင်းက ပြဿနာတွေ အတွက် အမြဲတမ်း ဖြေရှင်းချက် တရပ် လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။ အရင်ကလည်း ပြဿနာတွေ ဖြစ်ခဲ့ဘူးတာကြောင့် လူတွေအများအပြား သေဆုံးခဲ့ရပြီး အိုးအိမ် စွန့်ခွာ ထွက်ပြေးရသူတွေလည်း အမြောက်အများ ရှိခဲ့ပါတယ်။ စိတ်တိုစရာ တခုက သူတို့ နေထိုင်ရတဲ့ အခြေအနေပါ။ လွန်ခဲ့တဲ့ ၂ နှစ်၊ ရာမာဒန် ကာလတုန်းက ကျနော်တို့ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ သူတို့နေရတဲ့ အခြေအနေဟာ လေဟာပြင်ထဲက ရွံ့တွေထဲမှာ တဲထိုး နေရတဲ့ အခြေအနေပါ။ ဒီကနေ့ ခေတ်ကာလကြီးမှာ အဲဒီလို လူတွေ နေထိုင်နေကြရတဲ့ အခြေအနေဟာ လုံး၀ လက်ခံနိုင်စရာ ကိစ္စမဟုတ်ပါဘူး။”

သမ္မတကတော် Emine Erdogan ဟာလည်း သားဖြစ်သူနဲ့ အတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး တူရကီအစိုးရက ပေးတဲ့အကူအညီတွေ ဖြန့်ချိတဲ့ လုပ်ငန်းတွေကို ကြီးကြပ်သွားမှာ ဖြစ်ကြောင်း တူရကီအစိုးရက သတင်း ထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

လူသားချင်းစာမှု အကူအညီပေးရေး တူရကီစတင်ဆောင်ရွက်