သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်နဲ့ရခိုင်ပဋိပက္ခဒေသ လူသားချင်းစာနာအကူအညီများ ခွင့်ပြုဖို့ AI တိုက်တွန်း


ရခိုင်ပဋိပက္ခတွင်း လုံခြုံရေးရဲများနေရာယူထားစဉ်
ရခိုင်ပဋိပက္ခတွင်း လုံခြုံရေးရဲများနေရာယူထားစဉ်

ပဋိပက္ခကြောင့် ပိတ်မိနေတဲ့ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွင်းရှိ ဒေသခံ ဒုက္ခသည်တွေဆီသွားမယ့် နိုင်ငံတကာလူသားချင်းစာနာမှုအကူအညီပိတ်ပင်ထားတာတွေကို ပြန်လည်ရုပ်သိမ်းဖို့ Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။ ရခိုင်ပြည် မောင်တောဒေသတွင်းမှာဆိုရင် ဒေသခံတွေ အထူးသဖြင့် ရိုဟင်ဂျာမွတ်ဆလင်တွေဟာ အပြင်ထွက်သွားလာဖို့ ထိတ်လန့်ပြီး ဆေးရုံဆေးခန်းကိုတောင် မလာရဲကြဘူးလို့ ပြောပါတယ်။ ရှားဖောင်က စုံစမ်းမေးမြန်းထားပါတယ်။

ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်အတွင်းမှာရှိတဲ့ ဒုက္ခသည်တွေဆီကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အထောက်အကူပေးရေးအဖွဲ့တွေ သွားရောက်ခွင့် ပိတ်ပင်ကန့်သတ်ထားမှုတွေကို ချက်ခြင်း ရုတ်သိမ်းပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Amnesty International အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်က အခြေအနေနဲ့ပတ်သက်လို့ Amnesty International အဖွဲ့က မြန်မာ့အရေး သုတေသီ Laura Haigh က အခုလိုမှတ်ချက်ပေးပြောဆိုပါတယ်။

“ရခိုင်ပြည်နယ်အတွင်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် ကျမတို့အဓိကစိုးရိမ်တာက လူတွေဆီကို ဝင်ရောက်ခွင့် လုံးဝကန့်သတ်ပိတ်ပင်ထားတယ်။ အဲဒီထဲကအခြေအနေတွေ ဘာတွေဖြစ်နေလဲဆိုတာကို သိရဖို့က အရမ်းကိုခက်ခဲပါတယ်။ ကျမတို့သိရသလောက်က လုံခြုံရေးအခြေအနေအရဆိုပြီးတော့ ကုသလမဂ္ဂနဲ့ လူသားခြင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့တွေဟာ အဲဒီမှာရှိတဲ့ ရိုဟင်ဂျာမွတ်ဆလင်အသိုင်းအဝိုင်းကိုဖြစ်စေ ရခိုင်လူမှုအသိုင်းအဝိုင်းကိုဖြစ်စေ သွားရောက်နိုင်ဖို့ လုံး၀ ကန့်သတ်ပိတ်ပင်ခံရပါတယ်။”

အောက်တိုဘာလ ၉ ရက်နေ့ကစပြီးတော့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် က နယ်ခြားစောင့် ရဲစခန်းတွေ တိုက်ခိုက်ခံရပြီးတဲ့နောက် လုံခြုံရေးအတွက် နဂိုကတည်းကတည်းကထုတ်ပြန်ထားတဲ့ ဒေသတွင်း ညမထွက်ရမိန့်ကို အချိန်တပ်တိုးလိုက်ပြီး ည ၇ နာရီကနေ မနက် ၆ နာရီအထိ သတ်မှတ်ထားပါတယ်။ တိုက်ခိုက်မှုတွေအတွင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၉ ယောက်နဲ့ တပ်မတော်သား၅ ယောက် ကျဆုံးခဲ့ပါတယ်။ အကြမ်းဖက်တိုက်ခိုက်သူ တွေဘက်ကတော့ အယောက် ၃၀ သေဆုံးခဲ့ပါတယ်။ လက်ရှိ အချိန်အထိတော့ အကြမ်းဖက်တိုက်ခိုက်သူ ၂၉ ဦးကို အရှင်ဖမ်းဆီး ရမိထားတယ်လို့ တနင်္လာနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရဲချုပ်ဇော်ဝင်းကပြောပါတယ်။ ဒေသတွင်းမှာဆိုရင်လည်း လုံခြုံရေးတာဝန်ရှိသူတွေကို တိုက်ခိုက်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ရှာဖွေ စစ်ဆင်မှု တွေလည်း ရှိနေတာပါ။

ရခိုင်ပြည်နယ် ပဋိပက္ခ အခြေအနေကို သွားရောက်ကြည့်ရှုလေ့လာခဲ့တဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေကတော့ ဒေသခံတွေကို နေရပ်ကနေထွက်မသွားကြဖို့ ပြောပေမယ့်လည်း လုံခြုံရေးအာမခံချက်မရှိတာကြောင့် ရခိုင်တိုင်းရင်းသားဒေသခံတွေကတော့ မောင်တောနဲ့ ဘူးသီးတောင်လိုမြို့ပေါ်တွေကို ထွက်ခွာသွားကြပါတယ်။

ဒါပေမယ့်လည်း လုံခြုံရေးခြေအနေကြောင့် ကန့်သတ်ပိတ်ပင်ထားတဲ့နေရာတွေမှာ နေထိုင်ကြတဲ့ သူတွေဟာ ထွက်ပြေးဖို့မရသလို၊ သူတို့ရဲ့ အခြေအနေကိုလေ့လာနိုင်ဖို့အတွက်လည်း သီးသန့်လွတ်လပ်တဲ့ သတင်းထောက်တွေဝင်ရောက်ခွင့်မရှိတာကြောင့် အခြေအနေတွေက စိုးရိမ်စရာဖြစ်နေတယ်လို့ Amnesty International အဖွဲ့က မြန်မာ့အရေး သုတေသီ Laura Haigh က ပြောပါတယ်။

“ဒေသခံတွေနဲ့ ကျမတို့စကားပြောကြည့်တဲ့အရ ပုံမှန်ဆိုရင် ဒေသတွင်းက ဆေးရုံ၊ ဆေးခန်းတွေမှာ ဆေးလာရောက်ကုသတဲ့လူတွေ အများကြီးရှိတယ်။ အခုဆိုရင် လူတွေလုံးဝကိုမရှိတာ။ ဘာကြောင့်လဲဆိုတော့ လူတွေဟာ သွားလာဖို့ အတွက် ကြောက်နေကြတယ်။ ပြီးတော့ သူတို့တွေကိုလဲ ဘယ်ကိုမှ မရွှေ့ပြောင်းကြဖို့ (အာဏာပိုင်တွေက) မှာထားတယ်။ ကျမတို့သိရသလောက်ကတော့ လူတွေဟာ ဆေးဝါးကုသဖို့အတွက်တောင် မလာရဲကြဘူး။”

ဒါကြောင့်မို့ အကူအညီလိုအပ်တဲ့သူတွေဆီကို ကုလသမဂ္ဂအပါအဝင် တခြားလူသားခြင်းစာနာထောက်မှုအကူအညီပေးတဲ့ အဖွဲ့အစည်းတွေကို မြန်မာအစိုးရအနေနဲ့ ချက်ခြင်းဝင်ရောက်ခွင့်ပြုဖို့ Amnesty International တောင်းဆိုတာပါ။

ဒေသတွင်းမှာ ဖြစ်ပွားပွားနေတဲ့ ပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်အတွင်းမှာ ရွှေ့ပြောင်းနေထိုင်ကြတဲ့ ဒုက္ခသည် သောင်းနဲ့ချီရှိနေတာပါ။ အရင်တုန်းက ကုလသမဂ္ဂ အေဂျင်စီတွေအပါအဝင် တခြားလူသားခြင်းစာနာထောက်ထားမှု အကူအညီ ပေးရေးအဖွဲ့တွေဟာ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ ရှိတဲ့ ဒုက္ခသည်တွေဆီကို သွားရောက် အကူအညီပေးတာတွေ ရှိခဲ့ပြီး ပဋိပက္ခတွေဖြစ်လာပြီး နောက်ပိုင်းမှာမှ အစိုးရက ပိတ်ပင်လိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂနဲ့ တခြားအကူအညီပေးရေး အဖွဲ့အစည်းတွေရဲ့ ရခိုင်ပြည်နယ်အတွင်း ပေးဝေနေတဲ့အကူအညီတွေဟာ မျှတမှုမရှိပဲ မူဆလင် လူမှုအသိုင်းအဝိုင်းကိုပဲ အသားပေး ကူညီနေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG