မော်ရိုကိုနိုင်ငံသားတချို့ မြဝတီ ငွေလိမ်ဂိုဏ်း လက်ထဲကလွတ်မြောက်

မြန်မာနိုင်ငံဘက်က ဆိုင်ဘာရာဇဝတ်လုပ်ငန်းတွေမှာ  အတင်းအကြပ် စေခိုင်းခံနေရတဲ့ မော်ရိုကို နိုင်ငံသားက ၁၅၀ လောက်ရှိနေ။ ဓာတ်ပုံ Thai Royal Army

ကရင်ပြည်နယ် မြဝတီမြို့က အွန်လိုင်းလိမ်လည်ဂိုဏ်းမှာ အဓမ္မ အလုပ်ခိုင်းစေခံနေရတဲ့ မော်ရိုကို နိုင်ငံသား ၁၂ ယောက်ကို ဇူလိုင်လ ၅ရက် နေ့မှာ ကယ်တင်နိုင်ခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

သူတို့အားလုံးဟာ မြဝတီမြို့က တရုတ်နိုင်ငံသားတွေ ကြီးကြပ်လုပ်ကိုင်နေတဲ့ အွန်လိုင်း လိမ်လည်ဂိုဏ်းတွေမှာ အဓမ္ခအခိုင်းစေ ခံနေရတာ ဖြစ်ပြီး သူတို့လွတ်မြောက်ဖို့ ထိုင်းနဲ့ မော်ရိုကို သံရုံး တာဝန်ရှိသူတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။ လွတ်မြောက်လာတဲ့ မော်ရိုကို နိုင်ငံသားတွေဟာ နိပ်စက်ညှင်းပမ်းမှု ခံထားရပြီး မျက်နာနဲ့ လက်တွေမှာ ဒဏ်ရာတွေ တွေ့ရတယ်လို့ ထိုင်းနယ်ခြားစောင့် တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ကယ်ဆယ်လာတဲ့ မော်ရိုကို နိုင်ငံသား အားလုံးကို မဲဆောက် လူဝင်မှုကြီးကြပ်ရေးဌာနကို ပို့ဆောင်ခဲ့သလို ၊ အဲဒီကမှတဆင့် သူတို့ကို ဖွံ့ဖြိုးရေးနဲ့ လုံခြုံရေးဆိုင်ရာ စောင့်ရှောက်ရေး အဖွဲ့ကို လွှဲပြောင်းပေးပြီး လူကုန်ကူးတာနဲ့ အဓမ္မစေခိုင်းတာ ခံရမှု ရှိမရှိ ထပ်မံ စစ်ဆေးနေတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံဘက်က ဆိုင်ဘာရာဇဝတ်လုပ်ငန်းတွေမှာ အတင်းအကြပ် စေခိုင်းခံနေရတဲ့ မော်ရိုကို နိုင်ငံသားက ၁၅၀ လောက်ရှိနေတယ်လို့ ထိုင်းလွတ်တော်အမတ် နိုင် ရစီမန် က ပြောပါတယ်။

SEE ALSO: မြဝတီမြို့တိုက်ပွဲနဲ့ ကရင်နယ်မြေတွင်း ဆိုက်ဘာရာဇဝတ်မှုများ

မော်ရိုကို နိုင်ငံသားတွေ မြ၀တီမြို့ အွန်လိုင်းလိမ်လည်တဲ့ဂိုဏ်းတွေဆီမှာပိတ်မိနေတာကို ကယ်ထုတ်နိုင်ဖို့ သူတိုတွေရဲ့ နိုင်ငံကူးလက်မှတ်တွေအချက်အလက်အပြည့်အစုံကို ထိုင်းနိုင်ငံ မော်ရို ကို သံရုံး ကနေ သူ့ထံကို ပေးပို့ခဲ့တာကြောင့် သက်ဆိုင်ရာကို တင်ပြပြီး ကယ်ထုတ်နိုင်ဖို့လုပ်ဆောင်ပေးခဲ့တာဖြစ်တယ်လို့ လွတ်တော်အမတ်ကပြောပါတယ်။ မြန်မာနိင်ငံအတွင်းက တရုတ် Call Center အွန်လိုင်းလိမ်လည်ဂိုဏ်းဟာ တကမ္ဘာလုံးကိုအန္တာ့ယ်ပေး ခြိမ်းခြောက်နေကြောင်းလည်း ပြောပါတယ်။

နိုင်ငံပေါင်း ၃၀ကျော်လောက်က လူတွေဟာအဲဒီအွန်လိုင်းလိမ်လည်ဂိုဏ်းတွေ ရောင်းစားခံရတာ၊ နှိပ်စက်ညှဥ်းပမ်းခံရတဲ့အချက်အလက်တွေ၊ မှတ်တမ်းတွေကို နိုင်ငံတကာက အစိုးရတွေနဲ့ နိုင်ငံတကာသတင်းတွေမှာ လည်းမကြာခဏ ဖော်ပြနေကြပါတယ်။

အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ယူဂန်ဒါ စတဲ့ နိုင်ငံတွေက နိုင်ငံသားတွေ ကိုလည်း သူတို့အစိုးရတွေက ကယ်တင်ခဲ့ရကြောင်း သတင်းတွေမှာ ဖော်ကြပါတယ်။

Your browser doesn’t support HTML5

မော်ရိုကိုနိုင်ငံသားတချို့ မြဝတီ ငွေလိမ်ဂိုဏ်း လက်ထဲကလွတ်မြောက်