သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအွန်လိုင်းရာဇဝတ်မှုတွေအခြေအနေ USIP ဆွေးနွေး 


(USIP က မေလ ၁၃ ရက်ကထုတ်ပြန်ခဲ့တဲ့ “ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာနေတဲ့ အရှေ့တောင်အာရှအခြေစိုက် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေ” အကြောင်း အစီရင်ခံစာမိတ်ဆက်ပွဲ (မေ ၁၃၊ ၂၀၂၄/ဓာတ်ပုံ ဗွီအိုအေ/ငြိမ်းချမ်းအေး)
(USIP က မေလ ၁၃ ရက်ကထုတ်ပြန်ခဲ့တဲ့ “ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာနေတဲ့ အရှေ့တောင်အာရှအခြေစိုက် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေ” အကြောင်း အစီရင်ခံစာမိတ်ဆက်ပွဲ (မေ ၁၃၊ ၂၀၂၄/ဓာတ်ပုံ ဗွီအိုအေ/ငြိမ်းချမ်းအေး)

အမေရိကန်နိုင်ငံသားတွေဟာ အရှေ့တောင်အာရှနဲ့ အထူးသဖြင့် မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ တရုတ် ဆိုင်ဘာရာဇ၀တ်ဂိုဏ်းကွန်ရက်တွေရဲ့သားကောင်ဖြစ်လာနေပြီး ငွေကြေးဆုံးရှုံးမှုအမြောက်အမြား နှစ်စဥ်တိုးလာနေတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) က မေလ ၁၃ ရက်ကထုတ်ပြန်ခဲ့တဲ့ “ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာနေတဲ့ အရှေ့တောင်အာရှအခြေစိုက် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေ” အကြောင်း အစီရင်ခံစာမိတ်ဆက်ပွဲမှာ အဲဒီလိုပြောတာပါ။ ဝါရှင်တန်ဒီစီ USIP ရုံးချုပ်မှာ ကျင်းပတဲ့ပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ကိုငြိမ်းချမ်းအေးက အပြည့်အစုံ တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဟာ လက်ရှိအချိန်ထိ အရှေ့တောင်အာရှမှာ အွန်လိုင်းရာဇဝတ်လုပ်ငန်းတွေ အဓိကအခြေတည်ရာဖြစ်နေဆဲပဲလို့ အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျုက ဆွေးနွေးပွဲမှာ ပြောပါတယ်။ မြန်မာပြည်က ရာဇဝတ်လုပ်ငန်းတွေကြောင့် အမေရိကန်နိုင်ငံသားတွေ သန်းနဲ့ချီ ငွေကြေးတွေ ဆုံးရှုံးနေရလို့ အမေရိကန်ပြည်ထောင်စုအဆင့်အနေနဲ့ အရေးယူ ဆောင်ရွက်မှုတွေ လိုနေတယ်လို့လည်း ထောက်ပြကြပါတယ်။

USIP အဖွဲ့က တရုတ်-မြန်မာအရေးနဲ့ ဆိုင်ဘာ လိမ်လည်တဲ့လုပ်ငန်းတွေအကြောင်း သုတေသနပြု စာတမ်းတွေရေးသားထုတ်ဝေနေသူ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဂျေဆင်တာဝါ (Jason Tower) ကတော့ ဒီအခြေအနေဟာ အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ဆွေးနွေးပွဲအပြီးမှာ ဗွီအိုအေကို သီးသန့် ပြောပါတယ်။

USIP အဖွဲ့က တရုတ်-မြန်မာအရေးနဲ့ ဆိုင်ဘာ လိမ်လည်တဲ့လုပ်ငန်းတွေအကြောင်း သုတေသနပြု စာတမ်းတွေရေးသားထုတ်ဝေနေသူ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Jason Tower (မေ ၁၃၊ ၂၀၂၄/ဓာတ်ပုံ ငြိမ်းချမ်းအေး-ဗွီအိုအေ မြန်မာ)
USIP အဖွဲ့က တရုတ်-မြန်မာအရေးနဲ့ ဆိုင်ဘာ လိမ်လည်တဲ့လုပ်ငန်းတွေအကြောင်း သုတေသနပြု စာတမ်းတွေရေးသားထုတ်ဝေနေသူ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Jason Tower (မေ ၁၃၊ ၂၀၂၄/ဓာတ်ပုံ ငြိမ်းချမ်းအေး-ဗွီအိုအေ မြန်မာ)

“မနှစ်က အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံ ဆုံးရှုံးကြောင်း တိုင်ကြားမှုတွေ ရှိပါတယ်။ ဒါက တိုင်ကြားမှုရှိတဲ့ ပမာဏသက်သက်ပါ။ လိမ်လည်ခံရတဲ့ သားကောင် အများစုက သတင်းပို့တိုင်ကြားတာမျိုး မရှိပါဘူး။ ဆိုတော့အမေရိကန်မှာ ဒေါ်လာဘီလီယံနဲ့ချီ ဆုံးရှုံးနေတာပါ။ နိုင်ငံအနှံ့က လူတွေထိခိုက်နေတာပါ။ ဒါက အမေရိကန် ပြည်ထောင်စုအတွက် အလွန့်အလွန်ကို ဆိုးရွားနေတဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုလို့ ကျွန်တော် ထင်ပါတယ်။”

USIP ရဲ့ လေ့လာမှုတွေအရ အွန်လိုင်းလိမ်လည်တဲ့လုပ်ငန်းတွေဟာ မြောက်အမေရိကတိုက်နဲ့ တောင်အမေရိကတိုက်က ဘရာဇီးနိုင်ငံအထိ ပျံ့နှံ့နေပြီး အမေရိကန်နဲ့ကနေဒါနိုင်ငံသားတွေဟာ ၂၀၂၃ ခုနှစ်ထဲမှာ ခန့်မှန်းခြေ ဒေါ်လာ ၃.၅ ဘီလီယံနဲ့ ဒေါ်လာ သန်း ၃၅၀ အသီးသီး ဆုံးရှုံးခဲ့ကြရပါတယ်။


REACT လို့ခေါ်တဲ့ အမေရိကန်ပြည်ထောင်စုက လုပ်ငန်းအဖွဲ့အစည်းတွေ စုပေါင်းထားတဲ့ အဆင့်မြင့်နည်းပညာသုံး ရာဇဝတ်မှုတွေ တိုက်ဖျက်ရေး အဖွဲ့ရဲ့ တရားစွဲ ရှေ့နေလည်း ဖြစ်၊ ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာကလဲယာ (Santa Clara) က ဒုတိယခရိုင်ရှေ့နေလည်း ဖြစ်တဲ့ အဲရင်ဝက်စ် (Erin West) ကတော့ မြန်မာနိုင်ငံက လိမ်လည်တဲ့ လုပ်ငန်းတွေကြောင့် အမေရိကန်နိုင်ငံသားတွေ ပုံစံမျိုးစုံနဲ့ ဆုံးရှုံးနေရတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“အမေရိကန်ပြည်ထောင်စုက သားကောင်တွေဟာ မြန်မာနိုင်ငံနယ်နိမိတ်ထဲမှာ အခြေစိုက်တဲ့ လိမ်လည်လှည့်ဖြားတဲ့လုပ်ငန်းတွေရဲ့ ထောင်ချောက်တွေထဲ ကျဆင်းနေရတာပါ။ အမေရိကန်မှာ တွေ့မြင်နေရတာက ဘာမှမကျန်တော့လောက်အောင် အားလုံးဆုံးရှုံးသွားကြတဲ့သူတွေပါ။ အငြိမ်းစားယူချိန်သုံးဖို့ စုထားတဲ့ငွေတွေ၊ ကလေးတွေ တက္ကသိုလ်တက်ဖို့ စုဆောင်းထားတဲ့ ငွေတွေ အားလုံး လှည့်စားခံရပြီး အကုန် ဆုံးရှုံးကုန်တာပါ။”

၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ လိမ်လည်မှုလုပ်ငန်းက ရတဲ့ ဒေါ်လာသန်း ၈၀ ကျော်ကို ငွေကြေးခဝါချမှု စွပ်စွဲချက်နဲ့ လူ (၄) ဦးကို အမေရိကန်တရားရေးဌာနက စွဲချက်တင်ခဲ့လို့ အွန်လိုင်းရာဇ၀တ်ဂိုဏ်းတွေဟာ အမေရိကန်မြေပေါ်မှာ လည်ပတ်နေကြောင်း ထင်ရှားလာပါတယ်။ အမေရိကန်လူထုဟာ ဒီလိမ်လည်လှည့်ဖြားတဲ့ လုပ်ငန်းတွေရဲ့ အဓိကပစ်မှတ်ဖြစ်လာနေပြီး တရုတ်ရာဇ၀တ်ဂိုဏ်းတွေနဲ့ ဆက်စပ်နေတဲ့ ဖန်းတနယ်လ် (Fentanyl) ဓာတုမူးယစ်ဆေးဝါးလုပ်ငန်းလိုပဲ အမေရိကန်အတွက် ထိပ်တန်းအန္တရာယ်အဖြစ် အပြိုင်ဖြစ်လာနိုင်တယ်လို့ USIP က သုံးသပ်ပါတယ်။

ဆိုင်ဘာရာဇဝတ်မှုအရေးကျွမ်းကျင်သူ ဥပဒေပညာရှင် အဲရင်ဝက်စ် (Erin West) ကတော့ အမေရိကန်နယ်နမိတ်အတွင်းက ရာဇဝတ်မှုတွေအပေါ် အရေးယူ တုံ့ပြန်မှုတွေက အားနည်းနေသေးတယ်လို့ ထောက်ပြပါတယ်။

REACT အဖွဲ့က ရှေ့နေလည်း ဖြစ်၊ ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာကလဲယာ (Santa Clara) က ဒုတိယခရိုင်ရှေ့နေလည်း ဖြစ်တဲ့ အဲရင်ဝက်စ် (Erin West) (မေ ၁၃၊ ၂၀၂၄/ဓာတ်ပုံ-ငြိမ်းချမ်းအေး)
REACT အဖွဲ့က ရှေ့နေလည်း ဖြစ်၊ ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာကလဲယာ (Santa Clara) က ဒုတိယခရိုင်ရှေ့နေလည်း ဖြစ်တဲ့ အဲရင်ဝက်စ် (Erin West) (မေ ၁၃၊ ၂၀၂၄/ဓာတ်ပုံ-ငြိမ်းချမ်းအေး)

“အလိမ်ခံရတဲ့ သားကောင်တွေကို ကူညီပေးနေတဲ့ ဒေသအခြေစိုက်အဖွဲ့တွေနဲ့ ဖက်ဒရယ်အေဂျင်စီတချို့ ရှိပါတယ်။ ဒါပေမယ့် ဒီရာဇဝတ်မှုတွေကို ရပ်တန့်နိုင်မယ့် ပြည်ထောင်စုအဆင့် မဟာဗျူဟာတရပ်ချမှတ်နိုင်ဖို့ကတော့ အလွန်အားနည်းနေပါသေးတယ်။”

တပြိုင်တည်းမှာပဲ အဲဒီလို ကမ္ဘာ့တဘက်ခြမ်းအထိ သက်ရောက်နေတဲ့ မြန်မာနိုင်ငံထဲက အွန်လိုင်းရာဇဝတ်လုပ်ငန်းတွေ နှိမ်နင်းရေးကလည်း အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ရဲ့ အကျိုးစီးပွားပတ်သက်မှုတွေနဲ့အတူ အကန့်အသတ်တွေ ရှိနေတယ်လို့ USIP ဆွေးနွေးပွဲမှာ သုံးသပ်ကြပါတယ်။

စစ်ကောင်စီဘက်ကတော့ ဆိုင်ဘာရာဇဝတ်လုပ်ငန်းနှိမ်နင်းရေးမှာ တရုတ် အပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း မကြာခဏ သတင်းထုတ်ပြန်လေ့ရှိပါတယ်။ မြောက်ပိုင်းညီနောင် တိုင်းရင်းသားမဟာမိတ် (၃) ဖွဲ့က ရှမ်းမြောက်နဲ့ အထူးသဖြင့် ကိုးကန့်ဒေသမှာ မနှစ် အောက်တိုဘာမှာ စတင်ခဲ့တဲ့ ၁၀/၂၇ စစ်ဆင်ရေးမှာ စစ်ကောင်စီဘက်က စစ်ရေးအရဆုံးရှုံးမှုတွေ ရင်ဆိုင်ရအပြီးမှာ တရုတ်နိုင်ငံရဲ့ဖိအားကြောင့် အွန်လိုင်းလိမ်လည်တဲ့လုပ်ငန်းတွေမှာ အဓိကပါဝင်ပတ်သက်နေသူတချို့ကို ဖမ်းဆီး အရေးယူတာ၊ တရုတ်နိုင်ငံကို လွှဲပြောင်းပေးတာတွေလည်း ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် မြန်မာဟာ အရှေ့တောင်အာရှမှာ ထိပ်တန်းလိမ်လည်တဲ့ ရာဇဝတ်လုပ်ငန်းတွေ အခြေစိုက်ရာဖြစ်နေဆဲပဲလို့ ဆိုင်ဘာရာဇဝတ်မှုလုပ်ငန်းတွေ အကြောင်း အနီးကပ် စောင့်ကြည့်လေ့လာနေတဲ့ ဂျေဆင်တာဝါက ထောက်ပြပါတယ်။

“လိမ်လည်တဲ့လုပ်ငန်းတွေက မြန်မာနိုင်ငံမြောက်ပိုင်းက ‘ဝ’ နဲ့ ‘မိုင်းလား’ ဒေသတွေမှာ ရှိနေသေးတာ အသေအချာပါပဲ။ တခြားနေရာတွေမှာလည်း ဒီလုပ်ငန်းတွေ တိုးလာနေတဲ့ အထောက်အထားတွေ တွေ့ရပါတယ်။ ဥပမာ မူဆယ်၊ ရန်ကုန်၊ မန္တလေး အစရှိသလိုပါ။ မြန်မာက ထိပ်တန်း (၃) နိုင်ငံထဲမှာ ရှိနေသေးတာလည်း သေချာပါတယ်။ ထိုင်း-မြန်မာ နယ်စပ်မှာဆိုရင် ကျယ်ကျယ်ပြန့်ပြန့်ကို ရှိနေသေးပါတယ်။”

မြန်မာအွန်လိုင်းရာဇဝတ်မှုတွေအခြေအနေ USIP ဆွေးနွေး
please wait

No media source currently available

0:00 0:06:53 0:00


ထိုင်းအာဏာပိုင်တွေက ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်တလျှောက်မှာ ရာဇဝတ်ဂိုဏ်းတွေကိုနှိမ်နင်းနိုင်ဖို့ ကြိုးပမ်းနေပေမယ့် လိမ်လည်တဲ့လုပ်ငန်းတွေက အဲဒီမှာ ခြေကုပ်ယူနိုင်နေဆဲပဲဖြစ်လို့ ဒါဟာ စိုးရိမ်စရာအခြေအနေ ဖြစ်တယ်လို့ ဂျေဆင်တာဝါက ဗွီအိုအေကို ပြောပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ ဒေသခံ ပြည်သူ့စစ်တွေနဲ့ တခါတလေမှာ စစ်တပ်ကိုယ်တိုင်က ပါဝင်ပတ်သက်မှုနဲ့အတူ ဒီရာဇဝတ်ကွန်ရက်တွေဟာ ပေါ်ပေါ်ထင်ထင် လုပ်ကိုင်ခွင့်ရနေတယ်လို့လည်း သူက ထောက်ပြပါတယ်။

ဒါ့အပြင် USIP ရဲ့ လေ့လာမှုအရ လိမ်လည်လှည့်ဖြားတဲ့လုပ်ငန်းတွေရဲ့ အမြတ်အစွန်းတွေထဲက တချို့ဟာ အကျိုးစီးပွားချင်း စပ်ယှက်နေတဲ့ မြန်မာ အာဏာသိမ်းစစ်တပ်နဲ့ သူတို့ရဲ့မဟာမိတ်လက်နက်ကိုင်အဖွဲ့တွေနဲ့ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံက သြဇာအာဏာကြီးတဲ့ အုပ်စိုးသူလူတန်းစားဆီ ရောက်သွားတယ်လို့လည်း ဆိုပါတယ်။

ကမ္ဘောဒီးယားမှာဆိုရင် ဆိုင်ဘာလိမ်လည်တဲ့လုပ်ငန်းတွေကနေ ခန့်မှန်းခြေ နှစ်စဉ် ဒေါ်လာ ၁၂.၅ ဘီလီယံကျော် အကျိုးအမြတ်ရနေပြီး ဒါဟာ ကမ္ဘောဒီးယား တနိုင်ငံလုံးရဲ့ စုစုပေါင်း ပြည်တွင်းထုတ်‌လုပ်မှု (GDP) ရဲ့ ထက်ဝက်နဲ့ညီမျှတဲ့ ကြီးမားတဲ့ပမာဏ ဖြစ်ပါတယ်။ အဲဒီ လုပ်ငန်းအများအပြားကို အင်အားကြီးတဲ့ လူတစုက ချုပ်ကိုင်ထားတယ်လို့ USIP က ပြောပါတယ်။ မြန်မာအပါအဝင် မဲခေါင်ဒေသနိုင်ငံတွေ အားလုံးကို ခြုံကြည့်ရင် ရာဇ၀တ်ဂိုဏ်းတွေကနေ နှစ်စဉ် ဒေါ်လာ ၄၃.၈ ဘီလီယံကျော် လိမ်လည်ခိုးယူနေပြီး ဒါဟာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိင်ငံတွေရဲ့ တရားဝင် GDP ရဲ့ ၄၀ ရာခိုင်နှုန်းနီးပါးနဲ့ ညီမျှပါတယ်။


ခေတ်သစ်နည်းပညာနဲ့ လူမှုမီဒီယာ ဆက်သွယ်ရေး စနစ်တွေရဲ့ အကူအညီနဲ့ အတူ ဒီ တရားမဝင်လုပ်ငန်းတွေရဲ့ သက်ရောက်မှုဟာ ကမ္ဘာ့အနှံ့ ဖြန့်ကျက်ရုံသာမကဘဲ ကမ္ဘာ့ငွေကြေး ဘဏ္ဍာရေးစနစ် တည်ငြိမ်ရေးနဲ့လုံခြုံရေးအတွက် တိုက်ရိုက်ခြိမ်းခြောက်လာနေတယ်လို့ USIP ဆွေးနွေးပွဲမှာ သုံးသပ်ကြပါတယ်။

ဒါကြောင့် အမေရိကန်အစိုးရရဲ့ အရေးယူဆောက်ရွက်မှုတွေ တွေ့မြင်လာရတော့မယ်လို့ ဂျေဆင်တာဝါက ဗွီအိုအေကို ပြောပါတယ်။

“ပြည်ပမှာရှိတဲ့ ကျနော်တို့ရဲ့သံရုံးတွေက ဒီစစ်ပွဲဆင်နွှဲလာတာကို တွေ့ရတော့မှာပါ။ အမေရိကန်က ကမ္ဘာတဝန်းမှာ ဦးဆောင်မှုအခန်းကဏ္ဍကနေရယူပြီး ဒီပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားလာတာတွေကို တွေ့မြင်ရတော့မယ်။”

ဒါပေမယ့် ဒါဟာ ရေရှည်ဆင်နွှယ်ရမယ့် တိုက်ပွဲလို့ အဲရင်ဝက်စ်ကတော့ ရှုမြင်ပါတယ်။

“ဒီရာဇ၀တ်မှုတွေဟာ လွယ်လွယ်နဲ့ရပ်တန့်သွားတော့မှာ မဟုတ်ပါဘူး။ ရန်သူက အခြေခိုင်နေပြီး အလွန်ခေတ်မီပါတယ်။ ငွေကြေးအင်အားလည်း တောင့်တင်း ခိုင်မာပြီး ကောင်းကောင်း လည်ပတ်နေတာပါ။”

တဘက်မှာလည်း တရုတ်နိုင်ငံဟာသူ့နိုင်ငံသားတွေရဲ့ စည်းစိမ်ဥစ္စာနဲ့ ပိုင်ဆိုင်မှုတွေကို အကြီးအကျယ်ထိခိုက်လာတဲ့နောက်ပိုင်းမှာ မနှစ်ကစပြီး တရုတ် ရာဇဝတ်ဂိုဏ်းသားတွေ အဓိက ပါဝင်ပတ်သက်နေတဲ့ ဆိုင်ဘာလိမ်လည်တဲ့ လုပ်ငန်းတွေကို မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှတဝန်းမှာ သက်ဆိုင်သူ အားလုံးကို ဖိအားပေးနှိမ်နင်းပေမယ့် မအောင်မမြင်ဖြစ်နေဆဲဖြစ်လို့ ဒီလိမ်လည်တဲ့ ကွန်ရက်လုပ်ငန်းတွေကို အပြီးတိုင် ဖျက်သိမ်းနိုင်ဖို့က နိုင်ငံစုံ ပူးပေါင်းပါဝင်တဲ့ နိုင်ငံတကာ တုံ့ပြန်မှု လုပ်ငန်း အဖွဲ့ ဖွဲ့စည်းပြီး အရေးယူဖို့ လိုအပ်နေကြောင်း USIP ပွဲမှာ ဆွေးနွေးခဲ့ကြပါတယ်။

Forum

XS
SM
MD
LG