ဥရောပဖလား ဆီမီးဖိုင်နယ်ပွဲ စပိန်က ပြင်သစ်ကို အနိုင်ရ 

စပိန်ရှေ့တန်းတိုက်စစ်မှူး နံပါတ် ၂၅ Fermin Lopez နဲ့ပထမဆုံးဂိုးသွင်းခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် နံပါတ် ၁၉ Lamine Yamal တို့ UEFA Euro 2024 ဆီမီးဖိုင်နယ်ပွဲစဥ်မှာ ပြင်သစ်အသင်းကို အနိုင်ရပြီးနောက် တွေ့ရစဥ်။ (ဇူလိုင် ၉၊ ၂၀၂၄)

ဒီကနေ့ ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာကျင်းပတဲ့ ယူရို ၂၀၂၄ ဥရောပဖလား ပထမ ဆီမီးဖိုင်နယ်ပွဲမှာ စပိန်နဲ့ပြင်သစ်တို့ ကစားခဲ့ကြရာမှာ စပိန်က ပြင်သစ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိပြီး ဖိုင်နယ်ကိုတက်သွားပါပြီ။ စပိန်အသင်းဟာ ဇူလိုင် ၁၄ ရက်နေ့မှာ အင်္ဂလန်နဲ့နယ်သာလန်ပွဲ နိုင်တဲ့အသင်းနဲ့ နောက်ဆုံးဗိုလ်လုပွဲကို ကစားရမှာဖြစ်ပါတယ်။

နယ်သာလန်နဲ့ အင်္ဂလန်အသင်းတို့ဟာ ဒုတိယဆီမီးဖိုင်နယ်ပွဲအဖြစ် မနက်ဖြန် မှာ ကစားကြမှာပါ။

ပြင်သစ်အသင်းက နာမည်ကြီးဘောလုံးသမား အမ်ဘက်ပီ ပေးပို့တဲ့ဘောလုံးကို ကိုလိုမူအာနီက ၈ မိနစ်မှာ ခေါင်းတိုက်သွင်းယူခဲ့တဲ့အတွက် ၁ ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့တာပါ။ ဒါပေမဲ့ စပိန်ဘက်ကအသက် ၁၆ နှစ်အရွယ် လမင်း ယာမယ်လ်က ပြင်သစ်ဂိုးသမားရဲ့ယာဘက် အပေါ်ထောင့်ကိုကန်သွင်းလိုက်တဲ့အတွက် ၂၁ မိနစ်မှာ ချေပဂိုးကို ရရှိခဲ့ပါတယ်။ နောက် ၄ မိနစ်အကြာမှာ စပိန်အလယ်တန်းလူက မိုရာတာပေးလိုက်တဲ့ဂိုးကို ပယ်နယ်တီအစပ်ကနေ ကန်သွင်းလိုက်တဲ့အတွက် ၂၅ မိနစ်ကြာမှာ အနိုင်ဂိုးကို ရရှိသွားခဲ့ပါတယ်။

ပြင်သစ်အသင်းက ဒုတိယပိုင်းမှာ ဂိုးသွင်းခွင့်တွေရရှိခဲ့ပေမဲ့ ချေပဂိုးမသွင်းခဲ့တာကြောင့် စပိန်အသင်း ဖိုင်နယ်တက်သွားခဲ့ပါတယ်။ စပိန်အသင်း ပထမဂိုးသွင်းယူခဲ့သူ လမင်းယာမယ်လ်ဟာ ဥရောပဖလားပြိုင်ပွဲမှာ အသက်အငယ်ဆုံး ဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ စနေနေ့မှာ သူဟာ ၁၇ နှစ် ပြည့်မှာဖြစ်ပါတယ်။ စပိန်အသင်းဟာ ဘောလုံးသုံးသပ်သူအများစုက "ဥရောပချန်ပီယံ" ဖြစ်မယ်လို့"တစ်" ပေးခံထားရတဲ့အသင်းဖြစ်ပါတယ်။