ဗြိတိန်ပါလီမန်ကို သီတင်း ၅ ပတ်ကြာ ဆိုင်းငံ့ဖို့ အကြောင်းပြချက်ပေးရာမှာ Elizabeth ဘုရင်မကြီးကို လိမ်လည်ပြောဆိုခဲ့တာ မရှိကြောင်း ဝန်ကြီးချုပ် Boris Johnson က ပြောဆိုလိုက်ပါတယ်။ လွှတ်တော်ကို ဆိုင်းငံ့လိုက်တာဟာ တရားဝင်မှု မရှိကြောင်း တရားသူကြီး ၃ ဦးပါဝင်တဲ့ စကော့တလန်တရားရုံးက ဆုံးဖြတ် လိုက်ပြီး နောက်တနေ့မှာပဲ ဝန်ကြီးချုပ်က ပြောဆိုလိုက်တာပါ။
လွှတ်တော် လုပ်ငန်းတွေကိုတော့ အောက်တိုဘာလ ၁၄ ရက်နေ့အထိ ဆိုင်းငံ့ထားပါတယ်။ လွှတ်တော်လုပ်ငန်းတွေ ဆိုင်းငံ့ဖို့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်သူတွေကတော့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ နောက်ဆုံးထားပြီး ဥရောပသမဂ္ဂ (EU) ကနေ ဗြိတိန် ခွဲထွက်ရမယ့် အချိန်မှာ သဘောတူညီချက် ရရ-မရရ ထွက်ဖို့ ဝန်ကြီးချုပ်က စီစဉ်နေတာတွေကို လွှတ်တော် အမတ်တွေ ကန့်ကွက်ကြမှာကို ဟန့်တားဖို့ ရည်ရွယ်တဲ့ လုပ်ရပ်အဖြစ် ပြောဆိုနေကြပါတယ်။
စကော့တလန်ရဲ့ အမြင့်ဆုံး အယူခံရုံးကတော့ ဝန်ကြီးချုပ်ရဲ့ ကြေညာချက်ဟာ တရားဝင်မှုမရှိကြောင်း ဆုံးဖြတ်လိုက်တဲ့အတွက် လွှတ်တော်လုပ်ငန်းတွေ ဆိုင်းငံ့ဖို့ ဘုရင်မကြီးကို အကြောင်းပြတဲ့နေရာမှာ လိမ်လည်ပြောဆိုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်လာခဲ့တာပါ။ ပြီးခဲ့တဲ့ အပတ်အတွင်းကလည်း ဝန်ကြီးချုပ် Boris Johnson က သူ့ပါတီတွင်းက သဘောထားမတိုက်ဆိုင်တဲ့ သူပုန်အမတ် ၂၀ လောက်ကို ထုတ်ပယ်ခဲ့ပါတယ်။
ပါတီတွင်း က ထုတ်ခံခဲ့ရတဲ့ ရှေ့နေချုပ်ဟောင်း Dominic Grieve ကတော့ ဝန်ကြီးချုပ် အနေနဲ့ ဘုရင်မကြီးကို လှည့်ဖြားပြောဆိုတဲ့ အပြစ် ရာထူးက ထုတ်ပယ်နိုင်တဲ့အထိ ကြီးလေးတယ်လို့ ဝေဘန်ပြောဆိုခဲ့ပါတယ်။ ဝန်ကြီးချုပ်ကတော့ စွပ်စွဲချက်တွေဟာ လုံးဝမှန်ကန်မှု မရှိကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
...........
Unicode Version
....................
Your browser doesn’t support HTML5