ယူကရိန်းအတွက် အမေရိကန် မိုင်းလက်နက်တွေ ထောက်ပံ့မည်

ရုရှားနဲ့ယူကရိန်းကြား ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာပဲ ဒရုန်းတွေနဲ့နေရာအတော်များများကို အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ ယူကရိန်းတပ်တွေအတွက် မိုင်းလက်နက်တွေ မကြာခင်ထောက်ပံ့မယ့်အကြောင်း အမေရိကန်က အတည်ပြုခဲ့တာပါ။

ဒီကနေ့ တိုက်ခိုက်မှုတွေအတွင်း မြို့တော် မော်စကိုနဲ့ နိုဂရတ် (Novgorad)၊ အာရိုး (Oryol) ၊ စမန်လစ်စကစ် (Smolensk) ဒေသတွေအပါအဝင် မြို့ကြီးပေါင်း ၁၀ မြို့လောက်ကို ယူကရိန်းဘက်က ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ပြီး အဲဒိအထဲကအစင်း ၅၀ လောက်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့ တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။

ယူကရိန်းဘက်ကပြောဆိုရာမှာလည်း မြို့တော် Kyiv အပြင် ချက်ကစေ (Cherkasy)၊ ဒုန်နက်စခ် (Donetsk) ၊ ဇပိုရီရီးရှား(Zaporizhzhia) မြို့တွေအပါအဝင် မြို့ပေါင်းတဒါဇင်ကျော်လောက်ကို ဒရုန်းအစင်းပေါင်း ၁၂၀ ကျော်နဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒိအထဲက ဒရုန်း ၅၆ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းလေတပ်ကပြောပါတယ်။

တချိန်တည်းမှာပဲ ယူကရိန်းတပ်ဖွဲ့တွေအတွက် မိုင်းလက်နက်တွေပေးမယ့်အကြောင်း အမေရိကန် တာဝန်ရှိသူတွေ မနေ့ကပဲ အတည်ပြု ပြောဆိုလိုက်ကြပါတယ်။ မိုင်းတွေကို အရပ်သားတွေမနေတဲ့ ယူကရိန်းနယ်မြေပေါ်မှာပဲ အသုံးပြုဖို့ရည်ရွယ်တယ်လို့လည်း ပြောပါတယ်။ မိုင်းတွေဟာ ဓာတ်ခဲထည့် သုံးရမှာဖြစ်ပြီး မပေါက်ကွဲဘဲကျန်နေရင် သတ်မှတ်ထားတဲ့နာရီအတွင်း ဒါမှမဟုတ် ရက်သတ္တပတ် အနည်းငယ်အတွင်း ဓာတ်ခဲအားကုန်ပြီး မိုင်းတွေဟာ အန္တရာယ်မပေးနိုင်တော့ဘူးလို့လည်း အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန်ကထောက်ပံ့ထားတဲ့ တာဝေးပစ် ပဲ့ထိန်းမစ်ဇိုင်းဒုန်းလက်နက်ကို ယူကရိန်းဘက်က စတင်အသုံးပြုနေပြီးအင်္ဂါနေ့တုန်းက ရုရှား Bryansk ဒေသက လက်နက်ခဲယမ်း သိုလောင်ရုံတခုကို ပစ်ခတ်ခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေကပြောပါတယ်။

Your browser doesn’t support HTML5

ယူကရိန်းအတွက် အမေရိကန် မိုင်းလက်နက်တွေ ထောက်ပံ့မည်