ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ခိုလှုံနေတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည် ပြဿနာအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက အဓိကတာဝန်ယူဖြေရှင်း နေရပေမယ့် ပြဿနာရဲ့ အဖြေက မြန်မာနိုင်ငံ မှာသာ ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi က ကြာသပတေးနေ့မှာ ပြောပါတယ်။ ဒုက္ခသည် ကူညီရေးဆိုင်ရာ အခြေနေတွေကို ဆန်းစစ်ဖို့ ကုလသမဂ္ဂ လူသားချင်စာနာမှုအဖွဲ့အစည်း ၃ ခုက အကြီးအကဲတွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ၃ ရက်ကြာခရီး သွားရောက်နေတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi ၊ IOM အပြည်ပြည်ဆိုင်ရာ လူဦးရေပြောင်းရွှေ့မှုဆိုင်ရာ အကြီးအကဲ António Vitorino နဲ့ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Mark Lowcock တို့ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဗုဒ္ဓဟူးနေ့က သွားရောက်ခဲ့တာ ဖြစ်ပြီး ကြာသပတေးနေ့မှတေ့ာ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen က ဒုက္ခသည်တွေနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ ကုလသမဂ္ဂကို တင်ပြခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရိုဟင်ဂျာ ဒုက္ခသည်က တသန်းနီးပါးရှိနေတယ် လို့ဆိုပါတယ်။
မကြာခင်မှာ မုတ်သုန်ရာသီ ကျရောက်တော့မှာ ဖြစ်တဲ့အတွက် ဒုက္ခသည်တွေဟာ လက်ရှိသူတို့ နေထိုင်တဲ့ စခန်းတွေမှာ ရေကြီး မြေပြိုမှုဒဏ်တွေကို ခံစားရ နိုင်ချေရှိနေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် သူတို့ဟာ ဒုက္ခသည်စခန်းတွေမှာ ကြပ်ကြပ်တည်းတည်း နေထိုင်နေရတဲ့ အတွက် အစိုးရက အရှေ့တောင်ပိုင်းက Coz’s Bazar ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တသိန်းလောက်ကို Bhasan Char ကျွန်းကို ပြောင်းရွှေ့ပေးလိုတဲ့ ဆန္ဒရှိတယ်လို့ ဝန်ကြီး Momen က တင်ပြခဲ့တာပါ။ Bhasan Char ကျွန်းကို ဒုက္ခသည်တွေ ပြောင်းရွှေ့ပေးဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက လွန်ခဲ့ ၂ နှစ်အတွင်း အဆောက်အဦးတည်ဆောက်မှုတွေနဲ့ အတူ အစီအစဉ်တွေ လုပ်နေတာ ဖြစ်ပါတယ်။
ဒီဘင်္ဂလားပင်လယ်အော်ထဲ ကျွန်းအဖြစ်ပေါ်ပေါက်လာတဲ့ သက်တမ်းသိပ်နုပြီး လူမနေတဲ့ Bhasan Char ကျွန်းကို ဒုက္ခသည်တွေကို ပြောင်းရွှေ့ခိုင်းရင် ဒုက္ခသည်တွေအတွက် အလုပ်အကိုင်ရော သွားရေးလာရေးပါ ခက်ခဲပြီး ဆိုင်ကလုံး မုန်တိုင်းအန္တရာယ်ပါ ကြီးနေတဲ့အတွက် သူတို့ကို ဒီကျွန်းကို မပို့ဖို့ လူ့အခွင့်ရေးအဖွဲ့တွေက တောင်းဆိုနေတာ ဖြစ်ပါတယ်။ ဒုက္ခသည် အများစုကလည်း ဒီကျွန်းကို မသွားလိုကြောင်း ပြောနေကြတာကြောင့် နောက်ထပ် ပြဿနာ ဖြစ်လာမှာ စိုးရိမ်နေကြတာပါ။
ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ၊ လူဦးရေ ပြောင်းရွှေ့မှုဆိုင်ရာနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေက အရာရှိကြီး ၃ ဦးက သူတို့ရဲ့ အခု ခရီးစဉ်ဟာ ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ရိုဟင်ဂျာ တသန်းနီးပါးနဲ့ သူတို့နေထိုင်ရာ ဒေသက ဒေသခံတွေအတွက် ဘယ်လို အကူအညီမျိုး ပေးနိုင်မယ် ဆိုတာကို ဆန်းစစ်ဖို့ ဖြစ်ကြောင်း ခရီးစဉ်အစမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးအပါအဝင် အစိုးရတာဝန်ရှိသူတချို့နဲ့ တွေ့ဆုံပြီးချိန် ကြာသပတေးနေ့မှာတော့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi က ဒီဒုက္ခသည်တွေ အရေးကို ဘင်္ဂလားဒေ့ရှ်အစိုးရက အဓိကတာဝန်ယူဖြေရှင်း နေရပေမယ့် ပြဿနာရဲ့ အဖြေက မြန်မာနိုင်ငံမှာသာ ရှိတယ်လို့ပြောပါတယ်။
“ကျနော်တို့ ဒီကိုလာတာဟာ ဒုက္ခသည်တွေအတွက် အဓိကတာဝန်ယူနေရတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပြည်သူတွေနဲ့အတူ ကုလသမဂ္ဂကရော နိုင်ငံတကာ အသိုင်းဝိုင်းကပါ တသားတည်းရှိကြောင်း ပြဖို့ပါ။ ဒါ့အပြင် ဒုက္ခသည်တွေရဲ့ အခြေနေနဲ့ ပြဿနာ အတွက်အဖြေက မြန်မာနိုင်ငံမှာပဲ ရှိတာကြောင့် မြန်မာနဲ့ထိတွေ့ဆက်ဆံပြီး အဖြေဆက်ရှာသွားမယ်လို့လည်း ကတိပေးပါတယ်။ ဒုက္ခသည်တွေ သူတို့ဆန္ဒအလျှောက် နေရပ်ပြန်ရေး ယုံကြည်မှုရှိလာစေမယ့် အခြေအနေတွေဖန်တီးပေးဖို့ ကြိုးစားလာအောင် ကုလသမဂ္ဂက မြန်မာအစိုးရနဲ့ ထိတွေ့ဆက်ဆံမှာ ဖြစ်သလို ပံ့ပိုးကူညီမှာလည်း ဖြစ်ပါတယ်။”
ကုလသမဂ္ဂ အရာရှိကြီး ၃ ဦးဟာ မြို့တော် ဒါကာမှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ၊ နိုင်ငံခြားရေးဝန်ကြီး Momen အပါအဝင် အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ အတွက် နိုင်ငံတကာက ဘယ်လို အကူအညီတွေ ပေးအပ်နိုင်မယ်ဆိုတာကို ဆန်းစစ်ကြမှာ ဖြစ်သလို စားနပ်ရိက္ခာ ဖြန့်ဖြူးမှုနဲ့ နားခိုမှုအပါအဝင် ကုလသမဂ္ဂရဲ့ အစီအစဉ်တွေကို သွားရောက်ကြည့်ရှုဖို့ရှိပါတယ်။
မကြာခင် ကျရောက်တော့မယ့် မုတ်သုန်ရာသီအတွက် ကြိုတင်ပြင်ဆင်ဖို့ လိုအပ်ချက်တွေကို သိရအောင် Cox’s Bazar ကိုပါ သူတို့ သွားရောက်မှာ ဖြစ်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံဖို့လည်း ရှိပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကို ဒုက္ခသည်တွေ ပြန်ခွင့်ရရေး၊ ဒုက္ခသည်တွေ အကာကွယ်နဲ့ ဝန်ဆောင်မှု အထောက်ကူ ရရေး တွေအတွက် ရည်ရွယ် လုပ်ဆောင်နေတဲ့ ဒုက္ခသည်အားလုံးကို မှတ်ပုံတင်ထုတ်ပေးနိုင်ဖို့ UNHCR နဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့ ပူးတွဲ လုပ်ဆောင်နေတဲ့ မှတ်ပုံတင် လုပ်ငန်းစဉ်ကို လေ့လာမှာ ဖြစ်တဲ့အပြင် အဲဒီမှာ လုပ်အားပေးနေတဲ့ ဒုက္ခသည်တွေနဲ့ပါ တွေ့ဆုံမှာ ဖြစ်ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအစိုးရက လက်မခံပေမယ့် ဒုက္ခသည်တွေကို ပြန်လက်ခံမှာ ဖြစ်ပြီး သူတို့တွေ နေရပ်ပြန်ရေးအတွက် မြန်မာအစိုးရက ကုလသမဂ္ဂနဲ့ လက်တွဲဆောင်ရွက်နေတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5