ဘာဆန်းချားရောက် ရိုဟင်ဂျာတွေဆီ ကုလကိုယ်စားလှယ်အဖွဲ့သွားရောက်

ဒီဇင်ဘာ ၂၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ Bhashan Char သို့ ပြောင်းရွှေ့နေထိုင်တဲ့ မြင်ကွင်း။ (ဒီဇင်ဘာ ၂၉၊ ၂၀၂၁)

[Zawgyi/Unicode]

ကုလသမဂ္ဂအဖွဲ့ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ဟာ ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကျော် ရွှေ့ပြောင်းထားတဲ့ ဘင်္ဂလားပင်လယ်အော်ထဲက ဘာဆန်းချားကျွန်းကို ဒီကနေ့ ဗုဒ္ဓဟူးနေ့ကစလို့ သုံးရက်ကြာ ခရီးလာရောက်ဖို့ရှိနေပါတယ်။ ဘင်္ဂလာဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို ဝေးလံခေါင်ဖျားပြီး အန္တရာယ်ကြီးတဲ့ ဒီကျွန်းကို မပို့ဖို့ လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်နေတဲ့ကြားကပဲ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလကစလို့ ပြောင်းရွှေ့နေရာမှာ အခုလို အဲဒီမှာ ဒုက္ခသည် ၁၃,၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။

မြန်မာနယ်စပ်က စခန်းတွေမှာ ကြပ်ကြပ်တည်းတည်းနေနေကြတဲ့ ဒုက္ခသည် ၁,၀၀၀,၀၀၀ ကျော်ထဲက ဒုက္ခသည် ၁၀၀,၀၀၀ ကို ဘားဆန်းချားကျွန်းကို တဖြေးဖြေးပြောင်းရွှေ့သွားဖို့ ဘင်္ဂလားဒေ့ရှ်က လိုလားနေပါတယ်။ အဲဒီကျွန်းဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုကမှ ပင်လယ်ထဲကနေ ပေါ်ထွန်းလာတာဖြစ်တာမို့ ရေကြီးရေလျှံနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ယူဆထားကြတာပါ။

SEE ALSO: ရိုဟင်ဂျာတွေကို ပြန်မပို့ဖို့ အိန္ဒိယအစိုးရကို တောင်းဆို

အခု သုံးရက်ကြာခရီးစဉ်မှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေက ကျွမ်းကျင်သူတွေ ပါဝင်ပြီး ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို အကူအညီပေးရေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂရုံးက ရိုက်တာသတင်းဌာနကို အီးမေးလ်ကတဆင့် အကြောင်းပြန်ဖြေထားပါတယ်။ ဘာဆန်ချားကျွန်းပေါ်က အခြေအနေနဲ့ ဒုက္ခသည်တွေအတွက် အဲဒီက ပြင်ဆင်ဆောက်လုပ်ထားတာတွေကို ကြည့်ရှုပါမယ်။ ရွှေ့ပြောင်းခံရတဲ့ ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကို ဆန်းစစ်သွားမှာဖြစ်သလို အာဏာပိုင်တွေနဲ့ ဘာဆန်ချားကျွန်းပေါ် တာဝန်ယူနေသူတွေနဲ့လည်း ဆွေးနွေးသွားပါမယ်လို့ ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂရုံးက အကြောင်းပြန်ထားပါတယ်။

ဒီကျွန်းပြောင်းရွှေ့မှုမှာ ကုလသမဂ္ဂရဲ့ ပါဝင်ပတ်သက်မှုမရှိခဲ့ဘူးလို့ အစောပိုင်းကတည်းက ကုလသမဂ္ဂက ပြောထားပါတယ်။ ဒီရွှေ့ပြောင်းမှုမှာ ဒုက္ခသည်တွေရဲ့ ဆန္ဒသဘောထားအတိုင်း လုပ်ခဲ့တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကပြောပေမဲ့ ပထမဆုံးရွှေ့ပြောင်းခံရတဲ့အထဲက တချို့ကတော့ သူတို့ကို အတင်းအကြပ်ရွှေ့ပြောင်းခဲ့တာလို့ ပြောနေပါတယ်။

ရိုဟင်ဂျာအသုံးအနှုန်းကို လက်မခံထားတဲ့ မြန်မာအစိုးရဘက်က ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို စိစစ်လက်ခံသွားမယ်လို့ ပြောနေပေမဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ် ခုအချိန်အထိ နှောင့်နှေးနေဆဲရှိပါတယ်။

Your browser doesn’t support HTML5

ဘာဆန်းချားရောက် ရိုဟင်ဂျာတွေဆီ ကုလကိုယ်စားလှယ်အဖွဲ့သွားရောက်

[Unicode Version]



SEE ALSO: UNHCR အကူအညီ လာတောင်းတဲ့ ရိုဟင်ဂျာတွေ အိန္ဒိယဖမ်းဆီး



