ကမ္ဘာကြီးဟာ ပိုမိုကျယ်ပြန့်တဲ့ စစ်ပွဲဆီကို ဦးတည်သွားနေကြောင်း၊ စစ်ပွဲကာကွယ်ရေးကို နှလုံးသွင်းပြီး၊ လူ့အခွင့်အရေးနဲ့ လူသား ဂုဏ်သိက္ခာအပေါ် ပထမထားတဲ့ ချဉ်းကပ်ပုံမျိုးကို ပြောင်းကြဖို့ အချိန်ရောက်ပြီလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောလိုက်ပါတယ်။ ငြိမ်းချမ်းရေး ကို ခြိမ်းခြောက်နေတဲ့ ဖြစ်ရပ်တွေကိုပြောရာမှာ မြန်မာနိုင်ငံကိုလည်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံမှာ အတွင်းရေးမှူးချုပ် Antonio Guterres က မနေ့ တနင်္လာနေ့က ပြောလိုက်တာပါ။ ဒီမိန့်ခွန်းမှာ ယူကရိန်းကို ရုရှား ကျူးကျော်စစ်၊ ရာသီဥတုဆိုင်ရာ အကျပ်အတည်းနဲ့ ဆင်းရဲမှု အကြောင်းတွေကို အဓိကထား ပြောသွားခဲ့ပါတယ်။ ရုရှား ယူကရိန်း စစ်ပွဲဟာ ပိုမို ဆိုးဝါးလာနေပြီး ကမ္ဘာ့ ပဋိပက္ခဆီ ဦးတည်သွားနေမှာကို သူက စိုးရိမ်တာပါ။
ကျွန်တော်တို့ နိုးထပြီး၊ အလုပ်လုပ်ကြဖို့ လိုပါပြီလို့ သူကဆိုပါတယ်။ ငြိမ်းချမ်းရေး အလားအလာက နည်းနည်းလာနေပြီး၊ ပဋိပက္ခ ပိုမို ဆိုးဝါးလာကြောင်း၊ သွေးမြေကျကြမယ့် အလားအလာက ပို များနေတယ်လို့ သူ့မိန့်ခွန်းမှာ ပြောထားပါတယ်။ “ပိုမိုကျယ်ပြန့်တဲ့ စစ်ပွဲထဲကို ကမ္ဘာကြီးက မျက်လုံးဖွင့်လျက် အိပ်ပျော်လမ်းလျှောက်ဝင်သွားနေမှာကို ကျွန်တော် စိုးရိမ်ပါတယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောပါတယ်။
ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေကြတဲ့ ဖြစ်ရပ်တွေကို ပြောကြားရာမှာ မြန်မာနိုင်ငံပဋိပက္ခကို အစ္စရေး-ပါလက်စတိုင်း၊ အာဖဂန်နစ္စတန်၊ ဟေတီနဲ့ အာဖရိက ဆာဟဲဒေသတို့နဲ့အတူ ညွှန်းဆို ပြောသွားပါတယ်။ အာဖရိက ဆာဟဲဒေသမှာ Burkina Faso, Chad, Eritrea, The Gambia, Guinea-Bissau, Mali, Mauritania, Niger, Senegal, နဲ့ Sudan နိုင်ငံတို့ ပါဝင်ကြပါတယ်။
Your browser doesn’t support HTML5
[Unicode]