ဘာသာရေးနှိပ်ကွပ်မှု စွပ်စွဲချက် မြန်မာပယ်ချ

  • ခွာညို

စက်တင်ဘာ ၉ ရက်ကနေ ၂၇ ရက်အထိ ကျင်းပနေတဲ့ ဂျနီဗာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ကိုယ်စားလှယ်တချို့က မြန်မာနိုင်ငံမှာ ဘာသာရေးကိုအခြေခံတဲ့ ချိုးဖောက်မှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ ပြောဆိုချက်ကို မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်တဦးက တုံ့ပြန် ပယ်ချသွားပါတယ်။

ဒါဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်များသာဖြစ်တယ်လို့ အခုလိုပြောကြားသွားပါတယ်။

" ဘာသာရေး ယုံကြည်မှုကို အခြေခံပြီး ချိုးဖောက်တဲ့ ကိစ္စရပ်အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုတဲ့ အခြေအမြစ် မရှိ စွပ်စွဲချက်တွေ အ ားလုံးကို မြန်မာကိုယ်စားလှယ် အဖွဲ့က ပယ်ချပါတယ်။ ရခိုင်ပြည်နယ်က ပြဿနာတွေကို ဘာသာ ရေး ခွဲခြားမှု ဖြစ်လေဟန် လွဲမှားစွာ ပုံဖော် ပြီး ကမ္ဘာ့ အာရုံစူးစိုက်မှုရရှိအောင် ကြိုးပမ်းနေခြင်းသာ ဖြစ်ပါတယ်။

ဒါဟာ ဘာသာရေးအပေါ် အခြေခံတဲ့ ပြဿနာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ ဟာ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံနေထိုင်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေ၊ ဟိန္ဒူဘုရားကျောင်းတွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေ၊ မွတ်ဆလင် ဗလီတွေ မြို့လည်နေရာတွေမှာ ဘေးချင်းယှဉ် တည်ရှိနေပြီး ယဉ်ကျေးမှုအခမ်းအနားတွေမှာလည်း လူတိုင်းပါဝင် နေကြပါတယ်။ ဘာသာရေးလွတ်လပ်ခွင့်နဲ့ ယဉ်ကျေးမှုထိန်းသိမ်းခွင့်တို့ကို ဖွဲ့စည်းပုံဥပဒေမှာ အာမခံထားပါတယ်။ ဗုဒ္ဓဘာသာဟာ လူများစုကိုးကွယ်တဲ့ ဘာသာတရားဖြစ်ပေမယ့် နိုင်ငံတော်ဘာသာလို့ သတ်မှတ်ထားခြင်း မရှိပါဘူး။

ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူနဲ့ နတ်ကိုးကွယ်မှုတွေကိုပါ အသိအမှတ်ပြုထားပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရက - ဆိုးရွားတဲ့ ရာဇဝတ်မှုလို့ စွပ်စွဲသွားတာကို အပြင်းအထန် ကန့်ကွက်လိုပါတယ်။ အဲဒီစွပ်စွဲချက်ဟာ ARSA အကြမ်းဖက်သမားတွေရဲ့ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေ၊ အပြစ်မဲ့သူတွေ သူတို့နေအိမ်ကနေ ထွက်ခွာသွားဖို့ ခြိမ်းခြောက်နေမှုတွေနဲ့ ပတ်သက်ပြီး လျစ်လျူရှုထားပါတယ်။ ဒီလို ခြိမ်းခြောက်မှုတွေဟာ နေရပ်စွန့်ခွာရတဲ့ အဓိက အကြောင်းရင်းတွေပါ။"

ဒါ့အပြင် မြန်မာနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေကို အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တွေ စေလွှတ်ပြီး သူတို့ကို ပြန်လည်လက်ခံဖို့ သဘောတူညီမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ပြန်မသွားရဲအောင် စခန်းတွင်းမှာ NGO တချို့ရဲ့ လှုပ်ရှားမှုတွေ၊ ARSA တွေရဲ့ လှုပ်ရှားမှုတွေ ရှိနေပါတယ်။ ဒါကြောင့် သူတို့တွေ ပြန်လာရဲအောင် အခြေအနေတွေ ဖန်တီးပေးဖို့ လိုပါတယ်။ ဘင်္ဂလားဒေ့ရှ်ဖက်က လိုအပ်တာတွေကို ကူညီဆောင်ရွက်ပေးဖို့ တိုက်တွန်းသွားတယ် ဆိုတဲ့အကြောင်းကိုလည်း မြန်မာကိုယ်စားလှယ်က ဆက်လက်ပြောကြားသွားပါတယ်။

Your browser doesn’t support HTML5

ဘာသာရေးနှိပ်ကွပ်မှု စွပ်စွဲချက် မြန်မာပယ်ချ