မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပါအဝင် လူနည်းစုတွေအရေးကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ ရှေ့နှစ် ၂၀၂၅ ခုနှစ်ကျရင် အဆင့်မြင့်ဆွေးနွေးပွဲတခုလုပ်ဖို့ ကုလသမဂ္ဂ တတိတယကော်မတီက ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်နေတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေ နေရပ်ပြန်ပို့ရေးမှာ အချိန်အတိုင်းအတာသတ်မှတ် အစီအစဉ်တခုထွက်လာနိုင်ရေးကိုလည်း အဲဒီအခါ ဆွေးနွေးကြမှာဖြစ်ပါတယ်။
ရိုဟင်ဂျာ ပြဿနာဖြစ်နေတာ ၇ နှစ်ကြာလာတဲ့အထိ သိသာတဲ့ တိုးတက်မှုမရှိတဲ့အပေါ် စိတ်ပျက် ကြောင်း ဘင်္ဂလားဒေရှ့်ဘက်က ဖော်ပြပြောဆိုခဲ့ပါတယ်။ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်မယ့် အခြေအနေ ဖြစ်လာအောင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လိုအပ်တဲ့ ဆောင်ရွက်ချက်တွေ လုပ်ပေးကြဖို့လည်း ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေရှ့်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Muhammad Abdul Muhith ကတောင်းဆိုခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသာမက ဒေသတွင်းနဲ့ နိုင်ငံတကာလုံခြုံရေး အတွက် ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိရှိနဲ့ လိုလိုလားလား နေရပ်ပြန်နိုင်မယ့်အခြေအနေ ဖန်တီးဖို့ အင်မတန်အရေးကြီးတယ်လို့ သူက ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ လူနည်းစုများရဲ့ လူ့အခွင့်အရေးအခြေအနေဆိုတဲ့ခေါင်းစဉ်နဲ့ EU ဥရောပသမဂ္ဂနဲ့နိုင်ငံတကာ အစ္စလာမ်မစ်ကော်မတီ OIC တို့ ပူးတွဲတင်ပြတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ တတိယကော်မတီမှာ နိုဝင်ဘာ ၂၀ ရက်နေ့က ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်အရ ၂၀၂၅ ခုနှစ်ထဲမှာ စောနိုင်သမျှအစောဆုံး မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပြဿနာ အလုံးစုံကို သုံးသပ်ဆွေးနွေးပြီး အချိန်ကန့်သတ်ချက်ထားတဲ့ ခိုင်မာတဲ့ အစီအစဉ် အပြည့်အစုံကို အဆိုပြုတင်ပြရမှာဖြစ်ပါတယ်။ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေးကိုလည်း အချိန်သတ်မှတ်ချက်နဲ့ အစီအစဉ် အဆိုပြုဖို့ လိုအပ်ပါတယ်။ နိုဝင်ဘာ ၂၀ ရက်နေ့က တတိယ ကော်မတီဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံကို လက်နက်တင်ပို့မှုနဲ့ စစ်ကောင်စီကိုလေယာဉ်ဆီရောင်းချမှု ချက်ချင်းရပ်ဖို့ ခိုင်ခိုင်မာမာ မပါတဲ့အတတွက် စိတ်မကောင်းဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောကြားခဲ့ကြောင်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
Your browser doesn’t support HTML5