ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့ မြန်မာအစိုးရနဲ့ အခုမှ အစပြုညှိနှိုင်းတဲ့ အဆင့်မှာပဲ ရှိသေးတယ်လို့ New York မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်းက VOA မြန်မာပိုင်းကို ပြောပါတယ်။ တကယ်လို့ ညှိုနှိုင်းမှုတွေ အဆင်ပြေတယ်ဆိုရင် ခရီးစဉ်က April လကုန်လောက်မှ အစောဆုံးဖြစ်နိုင်မယ်လို့ VOA မြန်မာပိုင်းက ဆက်သွယ်မေးမြန်းစဉ်မှာ သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။ April လအတွက် လုံခြုံရေးကောင်စီအလှည့်ကျဥက္ကဋ္ဌ ပီရူးသံအမတ်ကြီး Gustavo Meza-Cuadra က ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသွားနိုင်ဖို့ ဖြစ်နိုင်ခြေတွေ။ ၂ ဘက်လက်ခံနိုင်မယ့် အခြေအနေတွေကို ပြင်ဆင်နေတယ်လို့ တနင်္လာနေ့ကလုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့တာနဲ့ပါတ်သက်လို့ မစုမြတ်မွန်က သံအမတ်ကြီးဦးဟောက်ဒိုစွမ်းကို ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသွားနိုင်ဖို့ ညှိုနှိုင်းဆွေးနွေးမှုတွေ ဘယ်အဆင့်ရောက်ပြီလဲလို့ အရင်ဆုံးမေးတာကို သံအမတ်ကြီး ဦးဟောက်ဒိုစွမ်းက ခုလိုစဖြေပါတယ်။
သံအမတ်ကြီး ဦးဟောက်ဒိုစွမ်း။ ။သူတို့ကသွားမှာက မြန်မာနိုင်ငံတခုတည်းမဟုတ် ဘင်္ဂလားဒေ့ရှ်နဲ့ ချိတ်ထားတာကို ဒီ New York မှာရှိတဲ့ အမြဲတမ်းကိုယ်စားလှယ်တွေပေါ့နော် သူတို့အနေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ အချိန်မှာလည်း ဘင်္ဂလားဒေ့ရှ်လည်း သွားချင်တယ်ဆိုတဲ့အခါကျတော့ ၁ နိုင်ငံပဲ သွားပြီးတော့ ကျနော်တို့ဆီမလာရင်လည်း တဖက်သတ်တွေဖြစ်နေမှာဆိုတော့ ကျနော်တို့က မလိုလားဘူးပေါ့နော် နောက်ပြီးတော့လည်း ကျနော်တို့ ဖုံးကွယ်စရာလည်းမရှိပါဘူး။ တခြားသံအမတ်ကြီးတွေ ကိုလည်း ကျနော်တို့ ဒီအတိုင်းပြနေတာဖြစ်တဲ့အတွက် ကျနော်တို့ ပြင်ဆင်ထားတဲ့အခြေအနေတွေ နယ်မြေအေးချမ်းမှုရှိတဲ့ အခြေအနေတွေကိုလည်း သူတို့မြင်တွေ့နေတာပဲလေ။ ဆိုတဲ့အခါကျတော့ သွားမယ်ဆိုရင်လည်း ကျနော်တို့ဆွေးနွေးနေတဲ့အခြေအနေပေါ့ ဘယ်အချိန်လာနိုင်မလဲ ဒီဘက်မှာ လက်ခံဖို့ အဆင်ပြေနိုင်မလား စသဖြင့်ပေါ့လေ။ ကျနော်တို့ ဆွေးနွေးနေတဲ့အခြေအနေပါ။ နောက်တခုက ကျနော်တို့ အဖွဲ့ဝင်တွေတင်မဟုတ်ပါဘူး ဒီ New York မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ တခြားနိုင်ငံက အိမ်နီးနားချင်း အမြဲတမ်းကိုယ်စားလှယ်တွေလည်း ကျနေ်ာတို့ဖိတ်ဖို့အစီအစဉ်တွေလည်း ရှိပါတယ်။ ဆိုတော့ New York မှာ တာဝန်ထမ်းဆောင်နေတဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်တွေလည်းတချို့ပါလာမှာပေါ့နော်။ အဲဒါကျနော်တို့ ညှိနေတာပါ။ ဘယ်နေရာလိုက်ပြမယ် ဘယ်နေရာသွားချင်တယ်ဆိုတာတွေတော့ အတိအကျတော့ ပြောထားတာမရှိဘူးပေါ့နော်။ သို့သော် ရခိုင်ပြည်နယ်ကိစ္စဖြစ်တဲ့အခါကျတော့ ပြန်လည်လက်ခံရေးကိစ္စတွေ ကျနော်တို့ ပြင်ဆင်ထားရှိမှုအခြေအနေတွေ နယ်မြေတွေ သူတို့ကြည့်ချင်တာတို့ရှိမှာပေါ့ အဲဒါတွေလည်း အစီအစဉ်အသေးစိတ် သူတို့မဆွဲရသေးဘူး ဆွဲပြီးတော့မှ အဆိုပြုမယ်။ ကျနော်တို့ လက်ခံနိုင်တယ် ကျနော်တို့ ပို့ချင်တဲ့နေရာတွေ သူတို့သွားမယ်၊ သူတို့သွားချင်တဲ့နေရာတွေ ကျနော်တို့ ပို့ပေးမယ် အပြန်အလှန်ညှိလို့ရရင်တော့ ဖြစ်မယ်ပေါ့နော်။ နောက်တခုကလည်း လာတယ်ဆိုရင် လူကြီးတွေနဲ့ တွေ့ဖို့ ကျနော်တို့ဘက်က ရှင်းပြဖို့ အခွင့်အရေးတွေလည်း ရှိမှာပေါ့ ဒါတွေလည်း ဘာမှ ဆွေးနွေးရတဲ့အခြေအနေမရှိသေးပါဘူး။
မစုမြတ်မွန်။ ။ သံအမတ်ကြီး ပြောသလိုဆိုရင်တော့ သွားနိုင်ဖို့အတွက် ဖြစ်နိုင်တဲ့အခြေအနေတွေကို ပြင်ဆင်နေတယ် ၊ ဆွေးနွေးတဲ့အဆင့်ကတော့ မရှိသေးဘူးဆိုတဲ့သဘောလားရှင့်။
သံအမတ်ကြီး ဦးဟောက်ဒိုစွမ်း။ ။မရှိသေးပါဘူး။ သူတို့ကလည်း လာချင်တယ်ဆိုတာကို အဆိုပြုတာ ဇန်နဝါရီလောက်ကတည်းက ဒီတခေါက်တော့ ကျနော်တို့ ၂ ဖက်ညှိပြီးတော့ အဆင်ပြေတယ်ဆိုရင်တော့ စဉ်းစားဖို့တော့ရှိမှာပေါ့။
မစုမြတ်မွန်။ ။ အခုသေချာအောင်မေးချင်တာက ဒီလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံသွားဖို့လို့ စီစဉ်နေတဲ့ နေရာမှာ ဘယ်လိုပုံစံမျိုးနဲ့ သွားချင်တယ်ဆိုတာရော သံအမတ်ကြီး တို့ သိရပါသလဲ။
သံအမတ်ကြီး ဦးဟောက်ဒိုစွမ်း။ ။သူတို့ကတော့ ဒီမှာရှိတဲ့ အမြဲတမ်းကိုယ်စားလှယ်တွေ ပေါ့ဗျာ လုံခြံရေးကောင်စီအဖွဲ့ဝင် ၅ နိုင်ငံ ရှိတာကို ကျန်တာက အလှည့်ကျ ၁၀ နိုင်ငံ အားလုံးကတော့ ၁၅ ပေါ့နော် ဘယ် နှစ်ယောက်လိုက်မယ်ဆိုတာကတော့ မသိဘူးပေါ့ဗျာ ။ ထိုနည်းတူ ကျနော်တို့ တချို့ဖိတ်ကြားမှာတွေလည်း ရှိမှာပေါ့နော်။ ကျနော်တို့မိတ်ဆွေနိုင်ငံတွေလည်းရှိမှာပေါ့ ဆိုတော့ ကျနော်ထင်ပါတယ် သူတို့အဆင်ပြေတဲ့လူတွေတော့ လိုက်ကြမှာပေါ့။ လိုက်လည်း လိုက်ချင်ကြမယ်ထင်ပါတယ်။ ကျနော်အဲလိုယူဆတာပေါ့လေ။
မစုမြတ်မွန်။ ။ လက်ရှိ အလှည့်ကျဥက္ကဋ္ဌ Gustavo Meza-Cuadra ပြောပုံအရဆိုရင် ဒီအဖွဲ့ကိုလက်ခံဖို့အတွက် မြန်မာအစိုးရဘက်ကလည်း တော်တော်လေး လိုလိုလားလားရှိပုံရတယ်ဆိုပြီးတော့ သူမနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ဆိုတော့ မြန်မာနိုင်ငံက လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့သဘော ယူဆလို့ရပါသလား။
သံအမတ်ကြီး ဦးဟောက်ဒိုစွမ်း။ ။အမှန်ကတော့ သူတို့ရယ်လို့ သီးသန့်မဟုတ်ပါဘူး။ အမှန်ကတော့ သူတို့လည်း သံတမန်တွေလည်း ပြနေတာပဲလေ လေယာဉ်တွေလည်း ရခိုင်ပြည်နယ် မောင်တောတွေလည်း ပြနေတာပဲလေ ၃ ခေါက်တောင် ပြီးခဲ့တဲ့လတွေတုန်းကဆိုရင် သံတမန်တွေကို ပြနေတာပဲ၊ စာနယ်ဇင်း သတင်းမီဒီယာတွေကိုလည်း ခေါ်ပြနေတာပဲလေ ဆိုတော့ ဒါက ဘာမှ ထူးတဲ့ ကိစ္စတွေတော့မဟုတ်ပါဘူး။ သူတို့ လုံခြံရေးကောင်စီဖြစ်နေတယ်ဆိုတဲ့ နာမည်ကြီးသာဖြစ်နေတာ။ အမှန်ကတော့ ကျနော်တို့လုပ်နေတာတွေကို ပြနေတယ်။ အခုဆိုရင် ကျနော်တို့ ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စတွေလည်း ကျနော်တို့က ရှင်းရှင်းပြောရရင် များများသိစေချင်တယ် ကျနေ်ာတို့ ဒါတွေလုပ်နေပါတယ်ဆိုတာကို ။ ကျနော်တို့ တကယ် စိတ်ရင်းစေတနာအမှန်နဲ့ ဒီကိစ္စတွေကို ဖြေရှင်းနိုင်ဖို့အတွက် ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် ကျနော်တို့ ကြိုးစားပြီးတော့ လုပ်နေပါတယ်ဆိုတာကို များများသိလေကောင်းလေပေါ့ဗျာ အမှန်ကတော့ ကျနော်အဲဒီခံယူချက်ပါပဲ။
မစုမြတ်မွန်။ ။ တကယ်လို့ ဆွေးနွေးမှုတွေကအဆင်ပြေသွားမယ်ဆိုရင် ခရီးစဉ်က ဘယ်အချိန်လောက်ဖြစ်နိုင်တယ်ဆိုတာကို သံအမတ်ကြီးအနေနဲ့ ခန့်မှန်းလို့ရပါသလဲရှင့်။
သံအမတ်ကြီး ဦးဟောက်ဒိုစွမ်း။ ။ တပတ် နှစ်ပတ်လောက်ဆိုရင် သိရမယ်ထင်ပါတယ်။ အစောဆုံးဖြစ်ရင်တော့ ဒီလကုန်ပိုင်းလောက်မှာ ဖြစ်မယ်လို့ မျှော်လင့်ရတာပေါ့လေ။ အဲဒီထက်တော့ စောဖို့တော့ မရှိဘူးထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခြေအနေကြည့်ရတာ အားလပ်မှုတွေဘာတွေ လုံခြုံရေးကောင်စီက သူ့အစီအစဉ်နဲ့ သူရှိနေတာကိုအစည်းအဝေးအားတဲ့အချိန်တွေ မှာမှ သွားလို့ရမှာကို။ သူ့ Program အရလည်း လကုန်ပိုင်းလောက်မှာမှ သူတို့အားမယ်ထင်တယ်။ ကျနော်မျှော်လင့်တာပေါ့နော်။
မစုမြတ်မွန်။ ။ ဟုတ်ကဲ့ပါရှင့် သံအမတ်ကြီး ကျေးဇူးအများကြီးတင်ပါတယ်။
သံအမတ်ကြီး ဦးဟောက်ဒိုစွမ်း။ ။ဟုတ်ကဲ့ပါ။
New York မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်းကို မစုမြတ်မွန် ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။
Your browser doesn’t support HTML5