အာဖဂန်နစ္စတန်မှာ ကုလလုပ်ငန်းတွေ ဆက်လုပ်ဖို့ပြင်ဆင်

UN Geneva Afghanistan Conference

{{Zawgyi/Unicode}}

အာဖဂန်နစ္စတန်နိုင်ငံကနေ နိုင်ငံတကာတပ်တွေ ပြန်လည်ဆုတ်ခွာ သွားကြပေမဲ့ ကုလသမဂ္ဂကတော့ အကူအညီပေးရေး လုပ်ငန်းတွေအတွက် ဆက်ရှိနေမယ်လို့ ပြောလိုက်ပါတယ်။ အထူးသဖြင့် နေရပ်စွန့်ခွာခဲ့ရသူတွေ အပါအဝင် သန်းနဲ့ချီတဲ့ အာဖဂန်လူထုအတွက် စာနာမှု အကူအညီတွေ ပေးနိုင်ဖို့ လုပ်ငန်းတွေ ဆက်လုပ်သွားမှာပါ။ ဒီအကြောင်း ကုလသမဂ္ဂ ရုံးချုပ်ရှိရာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ကနေ ဗွီအိုအေ သတင်းထောက် Lisa Schlein သတင်းပေးပို့ထားတာကို ကိုရဲမွန် က ပြောပြပေးမှာ ဖြစ်ပါတယ်။

တာလီဘန်တွေ တိုင်းပြည်ကို ထိန်းချုပ်လိုက်ပေမဲ့ အာဖဂန်နစ္စတန် နိုင်ငံမှာ ဗဟိုအစိုးရရဲ့ အုပ်ချုပ်မှုကင်းမဲ့နေတာဟာ ပြဿနာအဖြစ် ကုလသမဂ္ဂ အေဂျင်စီတွေက ပြောပါတယ်။ တချိန်တည်းမှာပဲ အာဖဂန်နစ္စတန် နိုင်ငံက အကူအညီ လိုအပ်နေသူတွေကို ပံ့ပိုးနိုင်ဖို့ တာလီဘန်တွေ၊ တခြားအဖွဲ့တွေနဲ့ ဆယ်စုနှစ်နဲ့ချီ ဆွေးနွေးမှုတွေ ရှိနေတာကိုလည်း အလေးထား ပြောဆိုကြပါတယ်။ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ပြောခွင့်ရ Jens Laerke ကတော့ အရင်အတွေ့အကြုံတွေအရ အခုအခါမှာလည်း အရေးပေါ် အကူအညီ လိုတဲ့သူတွေကို ထောက်ပံ့ဖို့ စာနာမှု အကူအညီပေးရေး အေဂျင်စီတွေကို ခွင့်ပြုလိမ့်မယ်လို့ ယူဆကြောင်း ပြောပါတယ်။

“တပ်တွေ ထွက်ခွာသွားပေမဲ့၊ ကုလသမဂ္ဂကတော့ ဆက်ရှိနေမှာပါ၊ ဆက်နေဖို့လည်း စိတ်ပိုင်းဖြတ်ထားပါတယ်။ ဒါကိုလည်း အစကတည်းက ပြောထားတာပါ။ ဒီနှစ်ထဲမှာပဲ လူ ၈ သန်းလောက်ကို စာနာမှု အကူအညီတွေ ထောက်ပံ့ပေးခဲ့တယ် ဆိုတာကိုလည်း ထပ်ပြီး အသိပေးချင်ပါတယ်။ ဒီကိန်းဂဏန်းက ကျနော်တို့ ဆက်နေဖို့ လိုဦးမယ်ဆိုတာကို ပြသရာရောက်တယ်လို့လည်း ထင်ပါတယ်။”

ကုလသမဂ္ဂကတော့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာကြရတဲ့ လူပေါင်း ၃ သန်းခွဲ အပါအဝင် ဒီနှစ်ထဲ အာဖဂန်နစ္စတန် နိုင်ငံမှာ လူ ၁၆ သန်းလောက်ကို အကူအညီပေးဖို့ ရည်မှန်းထားတာပါ။ ဒါပေမဲ့လည်း စာနာမှု အကူအညီတွေအတွက် လိုအပ်တဲ့ ၁.၃ ဘီလီယံရဲ့ ၃၉ ရာခိုင်နှုန်းသာ ရရှိထားတဲ့အတွက် အပြည့်အ၀ မရရင်တော့ ကူညီဖို့ အခက်အခဲ ရှိနိုင်တယ်လို့လည်း ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ ဆေးဝါးပစ္စည်း အကူအညီ ၁၂ တန်ခွဲကို အာဖဂန်နစ္စတန်နိုင်ငံ Mazar-i-Sharif လေဆိပ်ကနေ တနင်္လာနေ့ကပဲ ပေးပို့နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီထက်မက လိုအပ်နေသေးတယ်လို့လည်း WHO ပြောခွင့်ရ အမျိုးသမီး Margaret Harris ကပြောပါတယ်။ WHO ရဲ့ ဒေသတွင်း ထောက်ပို့စခန်းရှိရာ ဒူဘိုင်းကနေ ဒီတပတ်ထဲ နောက်ထပ် လေကြောင်းကနေ ၂ သုတ် ထပ်ပို့ဖို့ စီစဉ်ထားပြီး၊ တခြားပို့နိုင်မယ့် နည်းလမ်းတွေကိုလည်း ရှာဖွေနေတယ်လို့ ပြောပါတယ်။ တချိန်တည်းမှာပဲ ငွေကြေး မလုံလောက်မှုကြောင့် အာဖဂန်နစ္စတန်နိုင်ငံက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို ပိတ်လိုက်ရတာတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေကို လျှော့ချနေရတာတွေအပေါ် စိုးရိမ်ကြောင်းလည်း ပြောခဲ့တာပါ။ အခြေခံကျန်းမာရေး စောင့်ရှောက်မှုတွေ အားနည်းတဲ့ ပြဿနာကို သန်းနဲ့ချီတဲ့ အာဖဂန်တွေ ရင်ဆိုင်နေရတယ်လို့လည်း ပြောပါတယ်။

“ထိခိုက်နိုင်တဲ့ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းတွေထဲမှာ ကလေးတွေ ကာကွယ်ဆေးထိုးတာ၊ ကိုယ်ဝန်ဆောင်နဲ့ မီးဖွားမိခင်တွေ ကျန်းမာရေး၊ ကိုယ်ဝန်ဆောင်မိခင်တွေ သားဖွားတဲ့ လုပ်ငန်းတွေ၊ အဟာရနဲ့ ကိုဗစ်ရောဂါ ကုသရေးဌာနတွေအပြင် တခြား မရှိမဖြစ် ဝန်ဆောင်မှုတွေ ပါဝင်ပါတယ်။ ခန့်မှန်းတွက်ချက်မှုတွေအရ ကျန်းမာရေး စောင့်ရှောက်မှုဌာန ၅၀ ပိတ်ရတဲ့အခါ၊ အမျိုးသမီး ၅ ယောက်နဲ့ အသက် ၅ နှစ်အောက် ကလေး ၅၈ ယောက် နေ့စဉ် သေဆုံးလေ့ ရှိတတ်ပါတယ်။”

အာဖဂန်နစ္စတန် နိုင်ငံမှာ ကြုံရမယ့် ကြေကွဲစရာ အခြေအနေဟာ နိုင်ငံတကာတပ်တွေ ရုပ်သိမ်းပြီးနောက်ပိုင်း မြင်သာထင်သာ မရှိတော့မှာကိုလည်း နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီတွေ စိုးရိမ်နေပါတယ်။ စာနာမှုဆိုင်ရာ အကျပ်အတည်းကြီးတခုဟာ အခုမှ အစသာ ရှိသေးတယ်လို့လည်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi က သတိပေးထားတာပါ။ အာဖဂန်နစ္စတန် နိုင်ငံမှာ အရေးယူ အပြစ်ပေးခံရမယ့် အခြေအနေနဲ့ ပဋိပက္ခတွေကြောင့် ထွက်ပြေးလာသူတွေ၊ ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်နေသူတွေအတွက် နယ်စပ်တံခါးတွေကို ဖွင့်ထားကြဖို့လည်း မဟာမင်းကြီးက တိုက်တွန်းထားပါတယ်။

.....................................

Your browser doesn’t support HTML5

အာဖဂန်နစ္စတန်မှာ ကုလလုပ်ငန်းတွေ ဆက်လုပ်ဖို့ပြင်ဆင်

{{Unicode}}






