ဂျပန်နိုင်ငံရဲ့ ရိုးရာ ဆာကေး (Sake) ဆန်အရက်ကို UNESCO ရဲ့ လူသားမျိုးနွယ်ရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ်နဲ့ မနေ့ ဒီဇင်ဘာလ ၄ ရက် ဗုဒ္ဓဟူးနေ့က သတ်မှတ်လိုက်ပါတယ်။
ပါရာဂွေးနိုင်ငံ Luque မြို့မှာ မနေ့က ကျင်းပခဲ့တဲ့ ယူနက်စ်ကို ကော်မတီအဖွဲ့ဝင်တွေရဲ့ အစည်းအဝေးအတွင်း ကမ္ဘာတဝန်းက ယဉ်ကျေးမှုဓလေ့ထုံးစံတွေနဲ့ ထုတ်ကုန် ၄၅ မျိုးကို ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ်နဲ့ မဲပေး သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။
အခုလိုမျိုး UNESCO က ကမ္ဘာ့ အမွေအနှစ်စာရင်းအဖြစ်နဲ့ သွင်းတာကို ဂျပန်ကိုယ်စားလှယ်အဖွဲ့က ကြိုဆိုလိုက်ပြီးဒါဟာ ဂျပန်နိုင်ငံနဲ့ဂျပန်ပြည်သူတွေအတွက်လည်း သိပ်ကို အရေးပါတယ်လို့ ပြောပါတယ်။ ဆန်ကနေထုတ်လုပ်တဲ့ဂျပန်နိုင်ငံရဲ့ ဒီဝိုင်အရက်ဟာ ဂျပန်နိုင်ငံရဲ့ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပွဲလမ်းသဘင်တွေမှာ အဓိက မပါမဖြစ်အရာတခုဖြစ်တယ်လို့ ယူနက်စကိုဆိုင်ရာ ဂျပန်သံအမတ် Kano Takehiro က AP သတင်းဌာနကို ပြောပါတယ်။
ဒါ့အပြင် ဆာကေးဟာ ဂျပန်ရိုးရာဟင်းလျာတွေမှာလည်း အဓိကအခန်းကဏ္ဍက ပါဝင်တာဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ဆာကေးအရက်အဖြစ်နဲ့ သတ်မှတ်ခံရဖို့အတွက်ဆိုရင်တော့ ဆန်က ဂျပန်နိုင်ငံက ထုတ်လုပ်တဲ့ ဆန်ဖြစ်ရမှာဖြစ်ပါတယ်။
အဲဒီထဲမှာ ဂျပန်နိုင်ငံရဲ့ ဆာကေးအရက်နဲ့အတူ ဘရာဇီးနိုင်ငံက အဖြူရောင်ဒိန်ခဲ၊ ကာရစ်ဘီယန်ဒေသရဲ့ Cassava ပေါင်မုန့် နဲ့ ပါလက်စတိုင်းတွေရဲ့ သံလွင်ဆီ ဆပ်ပြာတွေလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။
တစပ်တည်းမှာပဲ မြန်မာရိုးရာ အတာသင်္ကြန်ပွဲတော် UNESCO ရဲ့ Intangible Cultural Heritage ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ဒီဇင်ဘာလ ၅ ရက်၊ ဒီကနေ့မှာ တရားဝင်သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်ခင်ဗျာ။
Your browser doesn’t support HTML5