မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲ UNESCO ICH ကနဦးစာရင်းဝင်

မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်မြင်ကွင်းတခု ယခင်မှတ်တမ်းဓာတ်ပုံ။ (AFP)

မြန်မာရိုးရာ အတာသင်္ကြန်ပွဲတော်ကို UNESCO ရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ICH စာရင်းမှာ ထည့်သွင်းဖို့ ကနဦး ရွေးချယ်ခံရပါတယ်။ တတ်သိနားလည်တဲ့ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး သက်သေ အထောက်အထားတွေ စုဆောင်း တင်ပြခဲ့တယ်လို့ အဆိုပြုစာတွဲ တင်သွင်းခဲ့တဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနတာဝန်ရှိသူတွေက ဗွီအိုအေကို အတည်ပြုပါတယ်။ မြန်မာသင်္ကြန် UNESCO ရဲ့ ပဏာမစာရင်း ဝင်တာနဲ့ပတ်သက်လို့ ရန်ကုန်ကနေ ပေးပို့တဲ့ သတင်းကို အခြေခံပြီး တင်ပြထား ပါတယ်။

မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်းသွင်းဖို့ ကနဦးရွေးချယ်ကြောင်း UNESCO ရဲ့ဖော်ပြချက်။ (Crd: UNESCO/Nov 8, 2024)

ကမ္ဘာ့နိုင်ငံတွေမှာ လက်နဲ့ ဖမ်းဆုပ်လို့ မရတဲ့ အမွေအနှစ်တွေ ရေရှည်တည်တံ့စေဖို့အတွက် ကုလသမဂ္ဂ UNESCO က ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် Intangible Cultural Heritage အဖြစ် သတ်မှတ် စာရင်းသွင်းလေ့ရှိပါတယ်။ အခု ၂၀၂၄ ခုနှစ်အတွက် အဆိုပြုတင်ပြကြတဲ့ထဲက မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကိုလည်း ICH စာရင်းမှာ ထည့်သွင်းဖို့ UNESCO က ကနဦးရွေးချယ်လိုက်ပါတယ်။ ရှေးအစဉ်အဆက် ခေတ်တွေကတည်းက မြန်မာ့ရိုးရာသင်္ကြန် ဆင်နွှဲခဲ့ကြပုံကို ခိုင်လုံတဲ့သက်သေအထောက်အထားတွေ စုဆောင်းပြီး ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အောင် ကြိုးပမ်းခဲ့တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးအာကာကျော်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

"သူတို့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့အပြင် ကိုယ့်ဆီမှာရှိတဲ့ အထောက်အထား ပြည့်စုံစွာ ဖော်ပြနိုင်တဲ့ အနေအထားပေါ့။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ရှေးကတည်းက ဆောင်ရွက်ခဲ့တဲ့ အတာသင်္ကြန်ပွဲတွေ၊ ပုဂံခေတ် နံရံဆေးရေး ပန်းချီတွေမှာပါတဲ့ အထောက်အထားတွေနဲ့ နိုင်ငံသူ၊ နိုင်ငံသားအားလုံးက အစဉ်အဆက် လက်ဆင့်ကမ်းပြီးတော့မှ တန်ခူးလ အတာသင်္ကြန်ပွဲကို ဆင်နွှဲတယ်ဆိုတဲ့ အထောက်အထားတွေကို မြန်မာ့ရိုးရာ အမွေအနှစ်တခုပေါ့နော်။ Intangible Cultural Heritage စာရင်းအနေနဲ့ အဆိုပြုခဲ့တယ်။ အဲတော့ အထောက်အထားတွေ ပြည့်ပြည့်စုံစုံ တင်သွင်းခဲ့တဲ့အတွက် အခုမှာ Nomination ဝင်သွားတယ်။"

ရှမ်းတိုင်းရင်းသားတို့ရဲ့ ရိုးရာသင်္ကြန်ပွဲ။ (မတ် ၃၁၊ ၂၀၁၉)

မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အစဉ်အဆက် ဆင်နွှဲခဲ့ကြပုံကို တတ်သိနားလည်တဲ့ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန အနေနဲ့ သက်သေအထောက်အထားတွေ စုဆောင်းခဲ့တယ်လို့ ပြောပါတယ်။ ပါရာဂွေးနိုင်ငံမှာ ရှေ့လ ဒီဇင်ဘာလထဲ ကျင်းပမယ့် ၁၉ ကြိမ် မြောက် ICH ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ညီလာခံကျရင် မြန်မာသင်္ကြန်ပွဲတော် အဆိုပြုစာတွဲကို တရားဝင် စာရင်းသွင်း မသွင်း ဆုံးဖြတ်မှာဖြစ်ပါတယ်။ လောလောဆယ် စကာတင် ရွေးချယ်ခံရတဲ့ အတွက် အခြေအနေကောင်းနိုင်တယ်လို့ ယုံကြည်ကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးအာကာကျော်က ပြောပါတယ်။

"ကျနော်တို့က Nomination ဝင်သွားတဲ့ အနေအထားက ရှေ့မှာဆိုရင် ကမ္ဘာ့အမွေအနှစ်တွေ၊ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်တွေ စာရင်းဝင်သွားတာရှိတယ်။ ဟိုဘက်ကကျင်းပတဲ့ ညီလာခံ အစည်းအဝေးမှာ သူတို့တွေ ဆုံးဖြတ်ကြတယ်။ ထောက်ခံတဲ့နိုင်ငံတွေ၊ အဘယ်ကြောင့် ဖြစ်သင့်ပါတယ်ဆိုတဲ့ အခြေအနေတွေ။ ဒါတွေနဲ့ ပတ်သက်ပြီးတော့မှ အလှည့်ကျသဘာပတိက ဆုံးဖြတ်တာပါ။ တခုပြောချင်တာကတော့ ကျနော်တို့ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်သည် နှစ်စဉ်ဆင်နွှဲနေတယ်၊ ရှေ့မှာလည်းရှိခဲ့တယ်။ စာပေအထောက်အထား တွေလည်းရှိတယ်။ မှတ်တမ်းမှတ်ရာတွေလည်း ရှိတာဖြစ်တဲ့အတွက် အထောက်အထား အချက်အလက်ကိုတော့ နိုင်ငံကိုယ်စား ဝန်ကြီးဌာနက နိုင်ငံသူ၊ နိုင်ငံသားအားလုံးအတွက် ဝမ်းသာစရာ သတင်းကောင်းဖြစ် အောင် ပြည့်ပြည့်စုံစုံ တင်ပြထားရှိပြီး ဖြစ်ပါတယ်။ အတည်ပြု ကာလကိုရောက်ရင် ဝမ်းမြောက်စရာသတင်း ကျနော်တို့အတူတူ ကြားရမယ်လို့ မျှော်လင့်ပါတယ်။"

ရှမ်းတိုင်းရင်းသားတွေရဲ့ ရိုးရာသင်္ကြန်ပွဲတော်။ (မတ် ၃၁၊ ၂၀၁၉)

၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့ဒြပ်မဲ့အမွေအနှစ် ICH စာရင်းဝင်ဖို့ UNESCO ကိုတင်သွင်းထားတဲ့ စာရင်း ၆၆ ကို စဉ်းစားဆုံးဖြတ်မယ်လို့ UNESCO ရဲ့ ဝဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ ပျူမြို့ဟောင်းတွေဖြစ်တဲ့ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာနဲ့ ပုဂံဒေသတွေကတော့ World Heritage ကမ္ဘာ့အမွေအနှစ် စာရင်းထဲမှာ ဝင်ထားပြီးဖြစ်ပါတယ်။ နှစ်စဉ် ဧပြီလမှာ ကျင်းပတဲ့ မြန်မာတို့ရဲ့ နှစ်သစ်ကူးပွဲတော် အတာသင်္ကြန်ပွဲတော်ကိုတော့ ICH ကမ္ဘာ့ဒြပ်မဲ့အမွေအနှစ် စာရင်းမှာ ပါဝင်နိုင်ဖို့ အခုကြိုးစားတာဖြစ်ပါတယ်ရှင်။

Your browser doesn’t support HTML5

မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲ UNESCO ICH ကနဦးစာရင်းဝင်