ကုလလူ့အခွင့်အရေးကောင်စီမှာ မြန်မာအစီရင်ခံစာ ဆွေးနွေးမည်

မနှစ်က ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမြင်ကွင်း။ (ဖေော်ဝါရီ ၂၇၊ ၂၀၂၀)

(Zawgyi / Unicode)

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) ၄၈ ကြိမ်မြောက် အစည်းအဝေး စတင်တဲ့ စက်တင်ဘာလ ၁၃ ရက်၊ တနင်္လာနေ့မှာ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာတရပ်ကို အပြန်အလှန် ဆွေးနွေးကြဖို့ စီစဉ်ထားပါတယ်။

UNHRC အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ UNHRC ဌာနချုပ်မှာ စက်တင်ဘာလ ၁၃ ရက်နေ့ကနေ အောက်တိုဘာလ ၈ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားပြီး တနင်္လာနေ့ မြန်မာစံတော်ချိန် ညနေ ၂ နာရီခွဲမှာ အစည်းအဝေး စတင်မှာဖြစ်ပါတယ်။

အဲဒီနေ့မှာ ကော်မရှင်နာမင်းကြီး Michelle Bachelet က ဗင်နီဇွဲလား၊ အာဖဂန်နစ္စတန်၊ နီကာရာဂွါ၊ သီရိလင်္ကာနိုင်ငံတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ နောက်ဆုံးအခြေအနေတွေကို တင်ပြပြီးတဲ့နောက် မြန်မာနိုင်ငံဆိုင်ရာ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် (IIMM) ရဲ့ အစီရင်ခံစာအပေါ် အပြန်အလှန် ဆွေးနွေးကြမှာပါ။

SEE ALSO: ကုလသမဂ္ဂအစည်းအဝေးတွေမှာ မြန်မာ့အရေး အစီရင်ခံစာတွေ ဆွေးနွေးဖို့ရှိ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ သတင်းပေးအချက်အလက်ပေါင်း ၂ သိန်းလောက်ကို ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေနဲ့အတူ လက်ခံရရှိထားတယ်လို့ IIMM အကြီးအကဲ Nicholas Koumjian က ဗွီအိုအေမြန်မာပိုင်းကို ပြောထားပါတယ်။

အဲဒီအချက်အလက်တွေကို ဆန်းစစ်သုံးသပ်ပြီး ဘယ်ဖြစ်ရပ်ဟာ နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်ရာရောက်တယ်၊ ဘယ်ဖြစ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေအရ ကြီးလေးတဲ့ပြစ်မှုမြောက်တယ် ဆိုတာတွေကို သုံးသပ်ပြီးတော့ လူ့အခွင့်အရေးကောင်စီကို IIMM က တင်ပြမှာဖြစ်တယ်လို့လည်း မစ္စတာ Koumjian ကပြောပါတယ်။

အဆိုးရွားဆုံး နိုင်ငံတကာ ရာဇဝတ်မှုတွေကို ကျူးလွန်တဲ့၊ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တဲ့ အထောက်အထားတွေကို ရယူစုဆောင်းဖို့အတွက် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလမှာ လူ့အခွင့်အရေးကောင်စီက IIMM ကို ဖွဲ့စည်းခဲ့တာပါ။ အဲဒီလို ရယူစုဆောင်းထားတဲ့ အချက်အလက်တွေကို ရာဇဝတ်ကြောင်းအရ တရားစွဲဆိုတာမှာ အထောက်အထားတွေအဖြစ် အသုံးပြုဖို့အတွက် ပြင်ဆင်ပေးရမှာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးကောင်စီ အစည်းအဝေး ကျင်းပတဲ့ရက်အတွင်းမှာပဲ စက်တင်ဘာလ ၁၄ ရက်နေ့မှာတော့ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ စတင်ကျင်းပမှာပါ။ အဲဒီမှာလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Burgener က အစီရင်ခံတင်ပြဖို့ ရှိပါတယ်။

ဒါ့အပြင် အများက အာရုံစိုက် စောင့်ကြည့်နေမှာကတော့ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဘယ်သူ့ကို ဆုံးဖြတ် ရွေးချယ်မလဲ ဆိုတာပဲ ဖြစ်ပါတယ်။

------------------

(Unicode)





SEE ALSO: စစ်အာဏာသိမ်းအပြီး လူ့အခွင့်အရေးချိုးဖေါက်မှု အချက်အလက် ၂ သိန်းခန့် IIMM လက်ခံရရှိ




