အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်သမ္မတလောင်း ဒုသမ္မတ Kamala Harris ကို သမ္မတဟောင်း Donald Trump က အနိုင်ရလိုက်တာကြောင့် ဒေါ်နယ်ထရမ့်ဟာ လာမယ့် သမ္မတသက်တမ်း ၄ နှစ် တာဝန်ယူခွင့်ရတော့မှာ ဖြစ်ပါတယ်။ အမေရိကန်သမိုင်းမှာတော့ ရာစုနှစ်တခုကျော်အကြာမှာ ပထမဆုံးအကြိမ်အဖြစ် သမ္မတဟောင်းတဦးက နောက်တကြိမ် သက်တမ်းအတွက် အနိုင်ရသူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာပါ။ ထရမ့်အစိုးရလက်ထက်မှာ မြန်မာ့အရေးမှာ ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ။ မြန်မာ့အရေး အကဲခတ်တချို့ရဲ့ သဘောထားအမြင်တွေကို ရန်ကုန်က စုစည်းထားတာကို မဆုမွန် တင်ပြထားပါတယ်။
အမေရိကန် ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်သမ္မတလောင်း ဒုသမ္မတ Kamala Harris ကို သမ္မတဟောင်း Donald Trump က အနိုင်ရလိုက်တာကြောင့် သမ္မတသက်တမ်း ၄ နှစ် တာဝန်ယူခွင့်ရတော့မှာ ဖြစ်ပါတယ်။ Donald Trump ကတော့ ဖလော်ရီဒါပြည်နယ်မှာ သူ့ကို ထောက်ခံသူတွေကို မိန့်ခွန်းပြောပြီး အနိုင်ရကြောင်းနဲ့ ကျေးဇူးတင်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။
အမေရိကန်နိုင်ငံဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးဖြစ်တဲ့အတွက် သမ္မတရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲ အလွန် သမ္မတအပြောင်းအလဲ၊ မူဝါအပြောင်းအလဲတွေကို တကမ္ဘာလုံးကစိတ်ဝင်စားကြသလို ဒီပြောင်းလဲလာမယ့် အရာတွေကလည်း ကမ္ဘာကြီးကို အကျိုး သက်ရောက်မှုကြီးမားစေနိုင်တာမို့ အမေရိကန်သမ္မတနေရာအပြောင်းအလဲကို နိုင်ငံတော်တော်များများက စောင့်ကြည့်ကြတာမှာ မြန်မာပြည်တွင်းလည်းအပါအဝင်ပါ။
ထရန့်သာ အမေရိကန်သမ္မတဖြစ်လာမယ်ဆိုရင် ကျဆင်းလာနေတဲ့ ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့ လာတာမြင်ရနိုင်တယ်လို့ မြင်သူတွေရှိသလို စီးပွားရေး ပြိုင်ဆိုင်မှုတွေ တိုးလာ နိုင်တယ်လို့ မြင်သူတွေလည်းရှိပါတယ်။
မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူတဦးကတော့ ထရမ့်နိုင်ခဲ့မယ်ဆိုရင် ကမ္ဘာမှာသာမက မြန်မာမှာပါ ရိုက်ခတ်မှုတွေရှိလာမယ်လို့ မြင် ပါတယ်။ ကောင်းကျိုးထက်ဆိုးကျိုးပိုများနိုင်တယ်လို့ပြောပါတယ်။
"ထရမ့်သမ္မတဖြစ်ရင် အမေရိကန်အတွက်ကောကမ္ဘာအတွက်ပါ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများတယ်လို့ မြင်ပါတယ်။ အမေရိကန်ရဲ့စနစ်နဲ့ဒီမိုကရေစီဟာလည်း အစမ်းသပ်ခံရနိုင်ဖွယ် ရှိပါတယ်။ ကမ္ဘာတဝှမ်းလုံးကပြောင်းလဲလာမယ့်အခြေအနေအပေါ်မှာ ဘယ်လို တုံ့ပြန်ကြမလဲဆိုတာ အတော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ တကမ္ဘာလုံးရင်ဆိုင်နေရတဲ့အခက်အခဲတွေကို ရင်ဆိုင် ကျော် လွှားနိုင်မလား၊ ဘယ်လိုအဖြစ်ဆိုးနဲ့တွေ့ကြရဦးမလဲ၊ ပူပူပင်ပင်စောင့်ကြည့်ရမယ့် အခြေအနေ ရှိပါတယ်။ ထရမ့်က မြန်မာ့အရေးစိတ်မဝင်စားပေမယ့် သူ့အစိုးရသစ်ရယ်၊ ကမ္ဘာအနှံ့မှာ အားပြိုင်မှုရယ် တိုးလာနိုင်တာကြောင့် မြန်မာ့အရေးပေါ်သက်ရောက်မှုကို ယတိပြတ်မှန်းဆဖို့တော့ ခက်နေပါသေးတယ်။"
သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့က ဦးသိန်းထွန်းဦးကတော့ ထရမ့်အနိုင်ရရှိဖို့လိုလားသူပါ။ သူကတော့ထရမ့်သာအနိုင်ရခဲ့ရင် ထရမ့်ကြောင့် ရုရှားယူကရိန်းစစ်ကိုရပ်နိုင်တာကြောင့် ကမ္ဘာ့စီးပွားရေး တိုးလာအောင် လုပ်လာနိုင်မယ်လို့သူကမြင်ပါတယ်။ ထရမ့်တက်လာခဲ့ရင် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အမေရိကန်ရဲ့ ပေါ်လစီမူဝါဒ အသစ်တွေချလာနိုင်မလား ဆိုတာနဲ့ ပတ်သက်လို့တော့ သူက ခုလိုသူ့အမြင်ကို ပြောပြပါတယ်။
"ဒေါ်နယ်ထရမ့်ကသူပြောခဲ့တာရှိတယ်။ သူတက်လာရင်ရုရှားယူကရိန်းစစ်ကိုရပ်တန့်မယ်ဆိုရင် ဒီထက်ပိုတဲ့ဆုံးရှုံးမှုတခုရပ်နိုင်မယ်လို့ မျှော်လင့်တယ်။ ဒါက နံပါတ် (၁) တချက်ပါ။ သေချာတာက စစ်ကို သူပြောတဲ့အတိုင်းရပ်တန့်သွားအောင် လုပ်နိုင်တယ်၊ ပြီးဆုံးတဲ့အထိလုပ်နိုင်တယ်ဆိုရင် ဒါဟာ သူ့ရဲ့ အကောင်းဆုံးစွမ်းဆောင်မှုတခုလို့ မှန်းလို့ရတယ်။ စီးပွားရေးပိုင်းကတော့ စီးပွားရေးဆိုင်ရာ အတွေးအမြင်သစ်များ ယူလာနိုင်မလား။ ဒါက မျှော်လင့်တဲ့တချက်ပါ။ တတိယကတော့ တခြားနိုင်ငံအရေးထက် ကိုယ့်နိုင်ငံအရေးကို အဓိကထား စိတ်ဝင်စားတဲ့ သမ္မတတက်လာတာမို့ အမေရိကန်က ဒီမိုကရက်လက်ထက်မှာလို ကျန်တဲ့နိုင်ငံတွေကို သူတို့ခေါင်းစဉ်အမျိုးမျိုးအောက်မှာ ဖိအားပေးတာ၊ ဝင်ရောက်စွက်ဖက်တာတွေရှိတာကို တော်တော်လေး အထိုက်အလျောက် သက်သာသွားမယ် မြင်တယ်။ ဖြစ်ခဲ့လို့ရှိရင်ကမ္ဘာကြီးမှာကော၊ ဒေသတွင်းနိုင်ငံတွေမှာကော၊ ကျန်တဲ့နိုင်ငံတွေအတွက်ကော တော်တော်လေး အကျိုးအမြတ်တွေ ရလာနိုင်ပါတယ်။"
လက်ရှိမှာတော့ ရွေးကောက်ပွဲရလဒ်အရ အထက်လွှတ်တော်ကို ရီပတ်ဘလစ်ကန်ပါတီ အများစုက အနိုင်ရပြီး အောက်လွှတ်တော်ကိုတော့ ဘယ်ပါတီက အများစုအနိုင်ရမယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။
The Eurasia Review က ဖော်ပြတဲ့ ဆောင်းပါးကတော့ မြန်မာ့အရေးမှာ ဒီမိုကရေစီမြှင့်တင်ရေး ဦးဆောင်နိုင်မှုကိုပြသဖို့နဲ့ အရှေ့တောင်အာရှမှာ မဟာဗျူဟာမြောက် အကျိုးစီးပွားကို ဖြစ်ထွန်းစေ ရေးအတွက် အသစ်တက်လာမယ့် အမေရိကန်အစိုးရအဖွဲ့အတွက် အခွင့်အလမ်းတခုဖြစ်တယ်လို့ ဆိုထားပါတယ်။
လက်ရှိမှာတော့ အမေရိကန်၊ ဖလော်ရီဒါပြည်နယ်၊ ဝက်စ် ပန်း ဘိချ်မှာ လုပ်တဲ့ရွေးကောက်ပွဲ မဲရလဒ် စုဝေးစောင့်ကြည့်တဲ့ပါတီမှာ လူထုရှေ့ကို ဒေါ်နယ်ထရမ့်ထွက်လာပြီး “ ကျနော်တို့နိုင်ငံကို အနာကျက်အောင် ကုစားမယ်”လို့ပြောခဲ့သလို လက်ရှိအချိန်ဟာ အမေရိကန်ရဲ့ “ရွှေခေတ်”ပဲလို့လည်း ဆက်ပြောခဲ့ပါတယ်။
ထရမ့်က သူအနိုင်ရပြီလို့ ကြေညာပြီးတဲ့နောက်မှာ ယူကေအပါအဝင် နိုင်ငံခေါင်းဆောင်တချို့က ဂုဏ်ပြုကြောင်းပြောကြားထားကြတယ်လို့ နိုင်ငံတကာသတင်းတွေမှာဖော်ပြကြပါတယ်။ မြန်မာနိုင်ငံတွင်းက မြန်မာပြည်သူတွေကလည်း အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ပွဲ ဆုံးဖြတ်ချက်ရလဒ်ကို စိတ်ဝင်တစားစောင့်ကြည့်နေခဲ့ကြတာဖြစ်ပါတယ်။
Your browser doesn’t support HTML5