ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအတွက် ဒေါ်လာ ၃၂ သန်းနီးပါး ကူညီပေးသွားမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။
ဒါဟာဆိုရင် မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအတွက် သမ္မတ Trump အစိုးရ လက်ထက်မှာ ပထမဆုံးအကြိမ် အကူအညီအများအပြား ပေးအပ်တာ ဖြစ်ပါတယ်။
အကြမ်းဖက် ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရော၊ ရခိုင်ပြည်နယ် အတွင်းမှာပဲ အိုးအိမ်စွန့်ခွာ ထွက်ပြေး နေကြရတဲ့ ဒုက္ခသည်တွေ အတွက်ပါ အခုအကူအညီတွေကို ပေးသွားမှာဖြစ်တယ်လို့ ဒီကနေ့ ကုလသမဂ္ဂ အထွေထွညီလာခံမှာ တရားဝင် ထုတ်ပြန် ကြေညာသွားတာပါ။
အခုထောက်ပံ့ငွေ ဒေါ်လာ ၃၂ သန်းနီးပါး ထပ်မံ ပေးအပ်လိုက်တာကြောင့် အမေရိကန်အစိုးရအနေနဲ့ ဒီနှစ် ၂၀၁၇ ခုနှစ် ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံက ဒုက္ခသည်တွေအတွက် လူသားချင်း စာနာမှုအကူအညီ ပေးတာဟာ စုစုပေါင်း ဒေါ်လာ ၉၅ သန်းနီးပါးအထိ ရှိသွားပြီလို့လည်း ဆိုပါတယ်။
ဒီအတောအတွင်းမှာပဲ ရန်ကုန်-အမေရိကန်သံရုံးကလည်း ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေ ဆက်လက် ဖြစ်ပွားနေတဲ့ကိစ္စ ကိုင်တွယ် ဖြေရှင်းနေတာတွေနဲ့ ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပွင့်ပွင့်လင်းလင်း ပြောသွားတဲ့အပေါ်မှာ ကြိုဆိုကြောင်းနဲ့ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းကြောင်း ဒီကနေ့ ထုတ်ပြန် ပြောဆိုထားပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့လထဲ အကြမ်းဖက်မှုတွေ တကျော့ပြန် ပြန်လည် ဖြစ်ပွား ခဲ့ပြီးတဲ့နောက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးလာတဲ့ ဒုက္ခသည် ၄ သိန်းကျော်ရှိတဲ့အကြောင်း ကုလသမဂ္ဂက ပြောဆိုထားပါတယ်။
Your browser doesn’t support HTML5