သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၄သိန်းကျော် ရိုဟင်ဂျာဒုက္ခသည် အကူအညီအရေးပေါ် လိုအပ်


ရခိုင်ပြည်နယ်အတွင်းဖြစ်ပွါးနေတဲ့အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာကြတဲ့ဒုက္ခသည် တွေအတွက် အရေးပေါ်အကူအညီတွေလိုအပ်နေသလို လုံခြုံ စိတ်ချရတဲ့ နေရာတွေကို အမြန်ဆုံးရွှေ့ပြောင်းပေးဖို့ လည်းလိုနေတယ်လို့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းတွေက ပြောနေကြပါတယ်။ ပြဿနာဖြစ်ပွါးတဲ့ဒေ သတွေကို လူသားချင်းစာနာမှုအဖွဲ့တွေ ဝင်ခွင့်မပေးသေးလို့လည်း မြန်မာအစိုးရကို ဝေဖန်နေကြပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြပါလိမ့်မယ်။

သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ခေါ်ကြတဲ့ ရခိုင်ပြည်နယ်အတွင်းက မူဆလင်တွေ ကို မြန်မာစစ်တပ်က နှိမ်နင်းနေတာ တွေကြောင့် လွန်ခဲ့တဲ့၃ပတ်ကျော် ကာလ အတွင်း အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်မှုတွေ အကြီး အကျယ်ဖြစ်ပေါ်နေတာပါ။ IOM လို့ခေါ်တဲ့ နိုင်ငံတကာရွှေ့ပြောင်းအခြေချသူများ အကူအညီပေးရေးအဖွဲ့က Christopher Lom ကဘင်္ဂလားဒေ့ရှ်ကို ရောက်လာကြတဲ့ မူဆလင်ဒုက္ခသည်တွေကို လုံခြုံစိတ်ချရတဲ့နေရာတွေကို အမြန်ဆုံးရွှေ့ပြောင်းပေးဖို့လိုနေတယ်လို့ဆိုပါတယ်။

"ပြီးခဲ့တဲ့၃ပတ်အတွင်း ခန့်မှန်းခြေ လူ၄သိန်း၉သောင်းလောက်ဒီကိုရောက်လာပါတယ်။ ဒီဒုက္ခသည်တွေကိုဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ အစီအစဉ်နဲ့ ဘလိုကာလီနဲ့ ကူတူးပါလောင် ဒေသအကြားမှာ နေရာချဖို့ ကျနော်တို့ အမြန်ဆုံးလုပ်နေ ကြပါတယ်။ အခုကြုံနေရတဲ့ ရာသီဥတုအခြေအနေ၊ မသန့်ရှင်းတဲ့ရေ၊အစားအစာ မလုံလောက်မှု၊ လုံခြုံစိတ်ချမှုမရှိတဲ့ နေရာထိုင်ခင်းနဲ့ အခြေအနေတွေ ဒါတွေအားလုံးတချိန်ထဲပေါင်းဖြစ်နေလို့ ဒီလိုစိုးရိမ်ရတဲ့အခြေအနေကနေ ကင်းလွတ် အောင် နိုင်ငံအတကာ အကူအညီပေးရေးအဖွဲ့အစည်းတွေအားလုံးက လုပ်စရာရှိတာတွေ အမြန်ဆုံးလုပ်ပေးဖို့လိုနေပါ တယ်။ ကျနော်တို့ မြန်မြန်ဆန်ဆန်မလုပ်နိုင်ရင်တော့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ကြုံလာရနိုင်ပါ တယ်"

Save the Children လို့ခေါ်တဲ့ကလေးငယ်များ ကူညီစောင့်ရှောက်ရေးအဖွဲ့ကလည်း နေ့စဉ်မပြတ်ရောက်လာနေတဲ့ ဒုက္ခသည်တွေကို အကူအညီပေးရေးကိစ္စတွေမှာ ရုန်းကန်နေရပါတယ်။ ဒုက္ခသည်တဝက်ကျော်ကျော်က ကလေးငယ် တွေပါ။ လက်ရှိကြုံနေရတဲ့ အခြေအနေတွေက ကမ္ဘာမှာအစိုးရိမ်ရဆုံးလူသားချင်းစာနာမှုဆိုင်ရာကိစ္စတွေထဲက တခုပဲလို့ Save the Children အဖွဲ့ရဲ့ အာရှဒေသညွှန်ကြားရေးမှုး Michel Angladeကပြောပါတယ်။

"ဒုက္ခသည်တွေထဲမှာ ၂သိန်းခွဲလောက်က ကလေးငယ်တွေပါ။ သူတို့တွေအတွက် အကူအညီတွေအရေးပေါ်လိုနေပါ တယ်။ ကလေးအများစုက မြန်မာပြည်ထဲကနေ ရက်တွေနဲ့ချီပြီးလမ်းလျှောက်လာခဲ့ကြတာပါ။ သူတို့တော်တော် အား နည်းနေကြပါတယ်။ အစားအစာနဲ့သန့်ရှင်းတဲ့ရေတွေ သူတို့ကောင်းကောင်းမရကြပါဘူး။ ဘင်္ဂလားဒေ့ရှ်ကိုသူတို့ ရောက်လာတော့ ယာယီတဲတွေမှာ ဖြစ်သလိုနေနေကြရပါတယ်။ ကျနော်တို့အထူးစိုးရိမ်နေရတာက ရေကနေဖြစ်ပွါး တတ်တဲ့ကူးစက်ရောဂါတွေပါပဲ ဘာကြောင့်လဲဆိုတော့ သူတို့က သိပ်ပြီးအားနည်းနေကြပါတယ်။"

လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးလုပ်ငန်းတွေရခိုင်ပြည်နယ်အတွင်းကိုဝင်ရောက်လုပ်ဆောင်ဖို့ မြန်မာ အစိုးရကို တောင်းဆိုနေပေမဲ့လည်း အခုထိမရနိုင်သေးအကြောင်းကုလသမဂ္ဂအတွင်းရေးမှုချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarricက မနေ့ကပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။

"မြန်မာနိုင်ငံထဲက ကျနော်တို့ရဲ့ လူသားချင်းစာနာမှုဆိုင်ရာအမှုထမ်းတွေရဲ့ပြောပြချက်တွေအရ ရခိုင်ပြည်အတွင်းက နယ်မြေရှင်းလင်းရေးတွေရှိနေတဲ့ဒေသတွေကို အနှောက်အယှက်ကင်းကင်းနဲ့ သွားရောက်ကူညီခွင့်ပြုဖို့ တောင်းဆို မှုတွေ မြန်မာအစိုးရကိုလုပ်နေပေမဲ့လည်း အခုချိန်ထိမရသေးပါဘူး။ အဲဒါကြောင့် ကုလသမဂ္ဂအနေနဲ့ အဲဒီဒေသမှာ အကြမ်းဖက်မှုတွေဆက်ဖြစ်ပွါးနေတာတွေနဲ့ပတ်သက်ပြီး သတင်းမှန်တွေရဖို့ ၊ အိုးအိမ်စွန့်ခွါထွက်ပြေးနေသူ အရေအတွက် နောက်ထပ်ဘယ်လောက်ရှိနေသလဲဆိုတာ သိရဖို့မလွယ်ကူပါဘူး။ လောလောဆယ်တော့ ခန့်မှန်းချေ ၄သိန်းခွဲ လောက်ဘင်္ဂလား ဒေ့ချ်နိုင်ငံ ဘက်ကို ရောက်လာပြီး။ လူပေါင်း၁သိန်း၇သောင်းလောက်က ကျန်းမာရေးပြုစုစောင့်ရှောက်မှုတွေနဲ့ လက်လှမ်းမမှီပဲ ဖြစ်နေပါတယ်။ အသက်၅နှစ်အောက်ကလေးငယ် ၁သိန်းခွဲ၊ ကိုယ်ဝန်ဆောင်မိခင်တွေ ၅သောင်း ခွဲအပါအဝင် လူပေါင်း၃သိန်းလောက်ဟာ စားနပ်ရိက္ခာအထောက်အကူတွေလို အပ်နေပါတယ်။ သူတို့တွေကို ကူညီဖို့ ရေးပေါ်ရန်ပုံငွေတွေလည်း လိုအပ်နေပါတယ်။"

ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှုဆိုင်ရာအခက်အခဲတွေ လျှော့ပါးသက်သာစေဖို့ နိုင်ငံတကာလူသားချင်းစာနာမှု ဆိုင်ရာအဖွဲ့အစည်းတွေ လွတ်လွတ်လပ်လပ်နဲ့အနှောင်အဖွဲ့ကင်းကင်း လာရောက် လုပ်ဆောင်ခွင့်တွေ ချက်ချင်းပေးဖို့ MSF လို့ခေါ်တဲ့ နယ်ခြားမယ့် ဆရာဝန်များအဖွဲ့ကလည်း မနေ့က ကြေညာချက်ထုတ်ပြီးတောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG