သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေစာနာဖို့ ဒေါ်စုကို ကန်-ဗြိတိန်တိုက်တွန်း


ဗြိတိန်- ကန် နိုင်ငံခြားရေးဝန်ကြီးများရဲ့ သတင်းစာရှင်းလင်းပွဲ
ဗြိတိန်- ကန် နိုင်ငံခြားရေးဝန်ကြီးများရဲ့ သတင်းစာရှင်းလင်းပွဲ

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရကို ထောက်ခံမှုပေးတဲ့ တချိန်ထဲမှာ အာဏာခွဲဝေအုပ်ချုပ်နေတဲ့ စစ်တပ်ကို သူတို့လုပ်ရပ်အပေါ် ဘယ်လိုမှလက်မခံနိုင်ဘူးဆိုတာ ပြတ်ပြတ်သားသား ပြောဖို့လိုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကပြောကြားလိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အခြေအနေတွေကြောင့် ဒီမိုကရေစီထွန်းသစ်စ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့အချိန်ကို ရောက်နေတယ်လို့ ဗြိတိန်မှာရောက်နေစဉ်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တာပါ။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သိက္ခာ သြဇာကြီးမားမှုကို အသုံးချပြီး ရခိုင်ပြည်နယ်ကလူတွေ ခံစားနေရတာကို ထောက်ပြရမယ်လို့ပြောကြားခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ၂ ယောက်ရဲ့ ပူးတွဲသတင်းစာရှင်းပွဲမှာ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ပြောကြားသွားခဲ့ကြတဲ့အကြောင်းကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

ရခိုင်ပြည်နယ် မောင်တောခရိုင်ဘက်ကနေ Bangladesh နိုင်ငံဘက် ထွက်ပြေးနေသူတွေ ၄ သိန်းလောက်ရှိနေပြီလို့ ကုလသမဂ္ဂက ပြောနေတာနဲ့အတူ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့အခြေအနေအပေါ် နိုင်ငံတကာက အာရုံစိုက်နေကြပါတယ်။ မြောက်ကိုရီးယား Nuclear ပြဿနာအရေးကို ဗြိတိန်နိုင်ငံမှာ သွားရောက်ဆွေးနွေးခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson တို့ရဲ့ ပူးတွဲသတင်းစာရှင်းပွဲမှာလည်း မြန်မာနိုင်ငံအရေးကိစ္စက အလေးပေး မေးစရာဖြစ်ခဲ့ပါတယ်။ အခုအချိန်ဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့အချိန်ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကခုလိုပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ မြင်တွေ့နေရတဲ့ မြန်မာနိုင်ငံက ထိတ်လန့်စရာ အခြေအနေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်။ အာဏာခွဲဝေအုပ်ချုပ်နေရတဲ့ ဒီမိုကရေစီထွန်းသစ်စ အစိုးရသစ်အတွက် အင်မတန်အရေးကြီးတဲ့ အချိန်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကို ကျွန်တော်တို့အားလုံး ရှင်းရှင်းလင်းလင်း သဘောပေါက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရာတဲ့ အခက်အခဲတွေနဲ့ ရှုပ်ထွေးတဲ့အခြေအနေကို ကျွန်တော်တို့ နားလည်ပါတယ်။ ဘာလူမျိုးပဲဖြစ်ဖြစ် ခုလိုလုပ်ခံနေရတယ်ဆိုရင် အကြမ်းဖက်မှုလုပ်ရပ်ကိုရပ်ရမယ်။ ဖိနှိပ်ချုပ်ချယ်မှုတွေ ရပ်ရမယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက ပြောနေကြတာ အရေးကြီးတယ်လို့ ထင်ပါတယ်။"

ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အခြေအနေတွေကနေ မြန်မာနိုင်ငံ ဘယ်ကို ဦးတည်သွားမှာလဲဆိုတာ ဆုံးအဖြတ်ပေးမှာမို့ ခုလိုအကြမ်းဖက် ဖိနှိပ်မှုတွေကို လက်မခံနိုင်ဘူးဆိုတာ ပြတ်ပြတ်သားသား ပြသရမယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ခုလိုဆက်ပြောပါတယ်။

"လူမျိုးပြုတ်ရှင်းလင်းမှုလို့ တော်တော်များများ ဖော်ပြပြောနေကြတဲ့ လုပ်ရပ်ကို ရပ်ကို ရပ်ရပါမယ်။ ကျွန်တော်တို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ ခေါင်းဆောင်မှုကို ထောက်ခံအားပေးဖို့လိုပါတယ်။ တချိန်ထဲမှာ အာဏာခွဲဝေအုပ်ချုပ်နေတဲ့ စစ်တပ်ကို ဒီကိစ္စတွေ လုံးဝလက်မခံနိုင်ဘူးဆိုတာ ပြတ်ပြတ်သားသား ပြရပါမယ်။ ဒီအခြေအနေတွေက မြန်မာနိုင်ငံ ဘယ်ကို ဦးတည်သွားမလဲဆိုတာကို အများကြီးပုံဖော်နေပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကျွန်တော်တို့ရဲ့ခိုင်မာတဲ့ ထောက်ခံမှုလိုအပ်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်ချက်တွေကို အလေးစားဆုံးလို့ဆိုတဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ကလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည်နယ်မှာ ခံစားနေရသူတွေကိစ္စကို ထောက်ပြပြောသင့်တယ်လို့ ပူးတွဲသတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

"မြန်မာနိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေရှိခဲ့ပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို ခေါင်းဆောင်နေတယ်ဆိုတာ ရှင်းရှင်းသိထားဖို့လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်မှုနဲ့ ဒီမိုကရေစီအတွက် သူတိုက်ပွဲဝင်ခဲ့တဲ့နည်းလမ်းအပေါ် ကျွန်တော့်ထက် လေးစားအားကျတဲ့သူ မရှိပါဘူး။ ကမ္ဘာပေါ်က လူတော်တော်များများကလည်း အလားတူလေးစားအားကျတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ သူ့ရဲ့ သိက္ခာကြီးမားမှုနဲ့ သြဇာရှိမှုကို အသုံးချပြီး ရခိုင်ပြည်နယ်ကလူတွေ ခံစားနေရာတာကို ထောက်ပြဖို့အရေးကြီးတယ်လို့ ထင်ပါတယ်။"

လူ့အခွင့်အရေးချိုးဖောက်မှုတွေ။ သတ်ဖြတ်မှုတွေကို ရပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လုံခြုံရေးအာဏာပိုင်တွေကို ရှင်းရှင်းပြောဖို့ လိုတယ်ဆိုတာကိုလည်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

"မြန်မာနိုင်ငံမှာ စစ်တပ်အုပ်ချုပ်မှု ပြန်ရောက်လာမှာကို ဘယ်သူကမှ မြင်ချင်မယ်လို့ ကျွန်တော်မထင်ပါဘူး။ စစ်ဗိုလ်ချုပ်ကြီးတွေ အာဏာပြန်ရမှာကို ဘယ်သူကမှ မလိုလားပါဘူး။ ဒါပေမဲ့ အခုဖြစ်နေတာဟာ အလွန်ရက်စက်တဲ့လုပ်ရပ်တွေဖြစ်တယ်။ ဒီလူတွေကို ပြန်လာခွင့်ပြုမယ်။ သူတို့ပြန်လာနိုင်ဖို့ ပြင်ဆင်မှုတွေလုပ်နေတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ။ ရာနဲ့ချီ၊ ထောင်နဲ့ချီလောက်တောင်ရှိနိုင်တဲ့ သတ်ဖြတ်မှုတွေကို ရပ်ရမယ်ဆိုတာကို အရပ်သားအစိုးရနဲ့ ကျွန်တော်အင်မတန်လေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုအချိန်မှာ ပြတ်ပြတ်သားသားပြောဖို့ အရေးကြီးပါတယ်။"

မောင်တောခရိုင်ထဲက လုံခြုံရေးစခန်းတွေအပေါ် ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့က August လ ၂၅ ရက်နေ့က တပြိုင်တည်းတိုက်ခိုက်ခဲ့ရပြီးနောက် လုံခြုံရေးတပ်ဖွ့ဲတွေက နယ်မြေရှင်းလင်းရေးတွေလုပ်နေပါတယ်။ လက်နက်ကိုင်အကြမ်းဖက်သမားတွေရဲ့ ရန်ကြောင့် ရခိုင်တိုင်းရင်းသားတွေအပါအဝင် ဒေသခံအမြောက်အများ စစ်တွေမြို့အပါအဝင် ဘေးကင်းရာတွေကို ထွက်ပြေးခဲ့ကြရပါတယ်။ မွတ်ဆလင်ရွာတွေက လူတွေလည်း အလုံးအရင်းနဲ့ Bangladesh နိုင်ငံဖက်ကို ထွက်ပြေးနေကြပါတယ်။

ကုလသမဂ္ဂရဲ့ အဆိုအရ Bangladesh ဖက်ရောက်နေတဲ့ ရိုဟင်ဂျာမွတ်ဆလင် ၄ သိန်းလောက် ရှိနေပြီလို့ ဆိုပါတယ်။ ဒီအရေအတွက်ကို မြန်မာနိုင်ငံဖက်က လောလောဆယ်အငြင်းမပွားပါဘူး။ ဒါပေမဲ့ အဲဒီလူတွေဟာ မြန်မာနိုင်ငံဖက်က အမှန်တကယ် နေထိုင်သူတွေဖြစ်ရင် စိစစ်လက်ခံမယ်လို့ မြန်မာအစိုးရက ပြောထားပါတယ်။ Bangladesh ဖက်ထွက်ပြေးနေသူတွေက သူတို့ကိုသူတို့ ရိုဟင်ဂျာလို့ခေါ်ပေမဲ့ မြန်မာဖက်ကတော့ ဘင်္ဂါလီ ဒါမှမဟုတ် ရခိုင်ပြည်နယ်က မူဆလင်တွေလို့ပဲ သတ်မှတ်ပါတယ်။

Bangladesh နိုင်ငံဖက်မှာ ဆိုးဝါးတဲ့အခြေအနေတွေနဲ့ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအရေးနဲ့ပါတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က တစုံတရာ ပြောကြားခြင်းမရှိဘူးလို့ နိုင်ငံတကာမှာတော့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေအတိုင်း ဆောင်ရွက်ဖို့ မကြာခင်ကမှ ဖွဲ့စည်းထားတဲ့ ကော်မတီကတော့ လုပ်ငန်းတွေကို ကြာသပတေးနေ့က စတင်ဆွေးနွေးနေပါပြီ။ အကြံပြုချက်ထဲမှာပါတဲ့အတိုင်း ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့အညီ နိုင်ငံသားစီစစ်ရေး လုပ်ငန်းစဉ်ကို အရှိန်မြင့်လုပ်ဖို့လိုအပ်တယ်လို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဝင်းမြတ်အေးက VOA မြန်မာပိုင်းကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG