{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက အကြမ်းဖက်နှိမ်နှင်းနေတဲ့အပေါ် အမေရိကန်ပြည်ထောင်စုနဲ့ သြစတြေးလျ နှစ်နိုင်ငံစလုံးက ရှုတ်ချတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဝါရှင်တန်မြို့တော်ကို ရောက်လာတဲ့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne နဲ့ မနေ့က ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
“အမေရိကန်ပြည်ထောင်စုနဲ့ သြစတြေးလျနိုင်ငံတို့ ရင်ဆိုင်နေရတဲ့ အဓိက စိန်ခေါ်မှုအတော်များများကို ဒီကနေ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုကြပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်လို့လည်း မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းက လူတွေကို စစ်တပ်က အကြမ်းဖက်တိုက်ခိုက်တာ၊ ဒီလို တိုက်ခိုက်နေတာတွေကို အပြစ်ပေး အရေးယူတာမရှိဘဲ ဆက်လက်ခွင့်ပြုနေတာတွေအပေါ် နှစ်နိုင်ငံစလုံးက ပြင်းပြင်းထန်ထန် ရှုတ်ချတယ်ဆိုတာလည်း ကျနော်တို့ နှစ်ယောက် ဆွေးနွေးခဲ့ပါတယ်။
ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို အာဏာပြန်ပြီးအပ်နှင်းဖို့ စစ်အုပ်ချုပ်ရေးကောင်စီကို နှစ်နိုင်ငံစလုံးက တောင်းဆိုပါတယ်" လို့ ဝန်ကြီး Blinken ကပြောပါတယ်။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ အမျိုးသမီးရေးရာဝန်ကြီးလည်းဖြစ်တဲ့ Marise Payne ရဲ့ခရီးစဉ်ဟာ သမ္မတ Biden အစိုးရလက်ထက် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး အမေရိကန်ပြည်ထောင်စုကို လူကိုယ်တိုင်လာရောက်တဲ့ ပထမဆုံးခရီးစဉ်ဖြစ်ပြီး အင်ဒို ပစိဖိတ်ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေရှိနေတဲ့ အမေရိကန်နဲ့ သြစတြေးလျအကြား မဟာမိတ်အဖြစ် လက်တွဲခိုင်မာမှုကို ပြသလိုက်တာလို့လည်း ဝန်ကြီး Blinken ကပြောပါတယ်။
နိုင်ငံခြားရေးမူဝါဒ၊ အမျိုးသားလုံခြုံရေး၊ ကျန်းမာရေးအရ ဘေးကင်းလုံခြုံမှု၊ သတင်းအချက်အလက်အမှားတွေဖြန့်ဝေမှုကို တုံ့ပြန်ရေး စတဲ့ အကြောင်းအရာကိစ္စတွေကို နှစ်ဘက် ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံအရေးကိုလည်း အကြောင်းကိစ္စတခုအဖြစ် ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ စီးပွားရေးအရ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရာမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ သြစတြေးလျနိုင်ငံ တနိုင်ငံထဲ ရင်ဆိုင်ဖို့ ပစ်ထားမှာ မဟုတ်တဲ့အကြောင်းလည်း ဝန်ကြီး Blinken က အလေးအနက် ပြောဆိုသွားပါတယ်။
.........................................
Your browser doesn’t support HTML5
{{Unicode}}