ထိုင်ဝမ်ကိုထိန်းချုပ်ဖို့ တရုတ်အစိုးရ ယူကရိန်းအရေးကို စောင့်ကြည့်နေ (CIA အကြီးအကဲ)

CIA အကြီးအကဲ Williams Burns. (ဖေဖော်ဝါရီ ၂၄၊ ၂၀၂၁)

(Zawgyi / Unicode)

တရုတ်နိုင်ငံဟာ ရုရှားရဲ့ ယူကရိန်းကို ဝင်ရောက်ကျူးကျော်မှုကို အနီးကပ်လေ့လာရင်း ရလာတဲ့ စစ်သင်ခန်းစာတွေပေါ် အခြေခံပြီး သူ့ရဲ့ ထိုင်ဝမ်ကို ထိန်းချုပ်နိုင်ဖို့ လုပ်နေတဲ့ ရေရှည်စီမံကိန်းတွေအတွက် ချိန်ထိုးနေပုံရတယ်လို့ အမေရိကန် ဗဟိုထောက်လှမ်းရေး CIA အကြီးအကဲ Williams Burns က စနေနေ့မှာ ပြောပါတယ်။

“ယူကရိန်းပြဿနာကနေ သူ့ရည်မှန်းချက်တွေနဲ့ ထိုင်ဝမ်အတွက် ဘယ်လိုသင်ခန်းစာတွေ ယူသုံးသင့်တယ်ဆိုတာကို တရုတ်ခေါင်းဆောင်တွေက သေသေချာချာကြည့်ဖို့ ကြိုးစားနေတာ ထင်ရှားတယ်။” လို့ Financial Times အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

ဒါ့အပြင် တရုတ်အစိုးရအနေနဲ့ ရုရှားစစ်တပ်ရဲ့ ညံ့ဖျင်းတဲ့ လုပ်ဆောင်ချက်နဲ့ ယူကရိန်းအသိုင်းအဝိုင်း တခုလုံးက ပြင်းပြင်းထန်ထန် ခုခံလာတာကို အံ့သြသွားပုံရတယ်လို့ ထင်ကြောင်းလည်း ပြောပါတယ်။

အခုလို ရုရှားရဲ့ရန်လိုမှုအတွက် တုံ့ပြန်ရာမှာ အထူးသဖြင့် အတ္တလန္တိတ်သမုဒ္ဒရာ တဖက်တချက်က မဟာမိတ်တွေ အတူတကွလက်တွဲပြီး ရုရှားအပေါ် စီးပွားရေး အထိနာအောင် ဒဏ်ခတ်မှုတွေ ချမှတ်တာကို သိပ်အံ့အားသင့်သွားမယ်လို့ ထင်ကြောင်းလည်း ပြောပါတယ်။

အခုလို ရုရှားသမ္မတ Vladimir Putin ရဲ့ လုပ်ဆောင်မှုကြောင့် ဥရောပနိုင်ငံတွေနဲ့ အမေရိကန်တို့ကို ပိုပြီး နီးကပ်သွားစေမှာကို တရုတ်က စိုးရိမ်လာနေတယ်လို့လည်း တွက်ဆခဲ့တာပါ။

တရုတ်ဘက်က ဘယ်လိုကောက်ချက်ချမယ်ဆိုတာ မသိရသေးပေမယ့် တကယ်လို့ သူ့အနေနဲ့ ထိုင်ဝမ်ကို အင်အားသုံးထိန်းချုပ်ဖို့ လုပ်မယ်ဆိုရင် ကြုံရနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာနဲ့ ပေးဆပ်ရမှုတွေအတွက် တရုတ်က သေသေချာချာ တွက်ချက်နေတယ်လို့ ထင်ကြောင်းလည်း Williams Burns က ပြောကြားခဲ့တာပါ။

ထိုင်ဝမ်မှာ ၂၀၁၆ ခုနှစ်က သမ္မတ Tsai Ing-wen ရွေးကောက်ခံခဲ့ရပြီး နောက်ပိုင်း သီးခြားနိုင်ငံအဖြစ် ခွဲထွက်ဖို့ စဉ်းစားလာတာကြောင့် အဲဒီအချိန်ကစပြီး ထိုင်ဝမ်ကို တရုတ်ပိုင်နက် အစိတ်အပိုင်းတခုအဖြစ် သတ်မှတ်ထားတဲ့ တရုတ်အစိုးရဟာ ထိုင်ဝမ်ကို ဖိအားတွေ တိုးပေးလာနေတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ထိုင်ဝမ်ကိုထိန်းချုပ်ဖို့ တရုတ်အစိုးရ ယူကရိန်းအရေးကို စောင့်ကြည့်နေ (CIA အကြီးအကဲ)

------------------------------

(Unicode)







