အမေရိကန် အောက်လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် တောင်ပိုင်း ဂျော်ဂျီယာပြည်နယ်မှာ အင်္ဂါနေ့က ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရာမှာ ရီပတ်ဘလစ်ကန် ပါတီက Karen Handel အနိုင်ရရှိသွားပါတယ်။
ရီပတ်ဘလစ်ကန်တွေ အများစုနဲ့ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်နေရာအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ဒီမိုကရက်ကိုယ်စားလှယ် Jon Ossoff အရေးနိမ့်ခဲ့တာပါ။
ပါတီ ၂ ခုစလုံးက အဓိကအာရုံစိုက် ယှဉ်ပြိုင်ခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးရေးအတွက် ဒေါ်လာသန်း ၅၀ အထိ သုံးစွဲခဲ့တာကြောင့်၊ အမေရိကန် ကွန်ဂရက်လွှတ်တော် ရွေးကောက်ပွဲ သမိုင်းမှာ အကုန်အကျ အများဆုံးအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် Handel က မဲအားလုံးရဲ့ ၅၃ ရာခိုင်နှုန်း ရခဲ့ပြီး ပြိုင်ဘက် ဒီမိုကရက်ကိုယ်စားလှယ် Ossoff ကတော့ ၄၇ ရာခိုင်နှုန်း ရခဲ့တာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ကိုယ်စားလှယ် Tom Price က ၂၃ ရာခိုင်နှုန်း မဲအသာစီးနဲ့ အနိုင်ရခဲ့ပေမဲ့ ဒီတကြိမ်မှာတော့ ပွတ်ကာသီကာသာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ဂျော်ဂျီယာပြည်နယ် အောက်လွှတ်တော် ကိုယ်စားလှယ် Price ကို သမ္မတ Donald Trump က ကျန်းမာရေးနဲ့ လူသားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ရွေးချယ်ခန့်အပ်လိုက်ပြီး နောက်မှာ လစ်လပ်သွားတဲ့ နေရာအတွက် ရွေးကောက်ပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အခုမဲဆန္ဒနယ်မြေမှာပဲ နိုဝင်ဘာသမ္မတ ရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ Trump ဟာ ပြိုင်ဘက် ဒီမိုကရက်ပါတီသမ္မတလောင်း Hillary Clinton ကို ၁ ရာခိုင်နှုန်း အသာနဲ့ ပွတ်ကာသီကာ အနိုင်ရခဲ့တာပါ။ အောက်လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ရွေးကောက်ပွဲ မကျင်းပမီ ရက်ပိုင်း အလိုမှာပဲ သမ္မတ Trump ကတော့ ဒီမိုကရက်ကိုယ်စားလှယ် Ossoff ကို Twitter လူမှုကွန်ယက်ကနေ ဝေဖန်ခဲ့ပြီး၊ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် Handel ကို ထောက်ခံကြဖို့ တိုက်တွန်းခဲ့ပါတယ်။ မနေ့တုန်းက တောင်ကယ်ရိုလိုင်းနား ပြည်နယ်မှာ ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာလည်း ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် Ralph Norman က အနိုင်ရခဲ့ပါတယ်။
Your browser doesn’t support HTML5
ဂျော်ဂျီယာပြည်နယ် ကန်အောက်လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲ Republican အမတ် အနိုင်ရ