အရှေ့အလယ်ပိုင်းပဋိပက္ခမကြီးထွားလာဖို့ ကန်သံတမန်ရေးကြိုးပမ်း

သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီပြောခွင့်ရသူ John Kirby

အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခကျယ်ပြန့်မလာစေဖို့ တခြားနိုင်ငံတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုအနေနဲ့ သံတမန်ရေးအရ အပြင်းအထန်ကြိုးပမ်းဆောင်ရွက်နေတယ်လို့ သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီပြောခွင့်ရသူ John Kirby က ပြောပါတယ်။

အီရန်အနေနဲ့ သူတို့ပြောနေတဲ့အတိုင်း ရှေ့ဆက်လုပ်လာမယ်ဆိုရင်တော့ အစ္စရေးနဲ့အမေရိကန်အကျိုးစီးပွားကို ကာကွယ်သွားဖို့ ပြင်ထားတယ်လို့လည်း John Kirby က ပြောပါတယ်။ အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်စစ်သင်္ဘောနဲ့ တိုက်လေယာဉ်အုပ်စု ပို့ဆောင်တာတွေဟာ ဒီအတွက် ပြင်ဆင်ထားတာလို့လည်း ဆိုပါတယ်။ အီရန်နိုင်ငံတွင်း ဟာမတ်စ်ရဲ့ နိုင်ငံရေးခေါင်းဆောင် Haniyeh လုပ်ကြံသတ်ဖြတ်ခ့ရတဲ့နောက် အီရန်က အစ္စရေးကို အပြစ်တင်ပြီး လက်တုံ့ပြန်မယ်လို့ ယူဆချက်နဲ့အတူ ဒေသတွင်း တင်းမာမှုတွေ တိုးနေပါတယ်။
လက်ဘနွန်မှာရှိတဲ့ ဟက်ဇ်ဘိုလာထိပ်တန်းတပ်မှူးကို အစ္စရေးက လုပ်ကြံခဲ့တာကြောင့်လည်း စိုးရိမ်ချက်တွေကို ပိုကြီးမားနေတာပါ။

အရှေ့အလယ်ပိုင်းဒေသ တင်းမာမှု ပြေလျော့လာစေဖို့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တခုရရှိရေး မျှော်လင့်ပြီး အမေရိကန်သမ္မတ Biden ကလည်း အီဂျစ်သမ္မတနဲ့ အင်္ဂါနေ့က စကားပြောခဲ့ပါတယ်။ အီရန်နဲ့ သူ့ကိုယ်ပွားတွေကို စစ်မျက်နှာပြင်စုံမှာ ရင်ဆိုင်ဖို့ အစ္စရေးဘက်က အသင့်ရှိတယ်လို့ အစ္စရေးဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။