ကန်ရွေးကောက်ပွဲ ထရမ့်အနိုင်ရကြောင်း လွှတ်တော်အတည်ပြု

ဒေါ်နယ်ထရမ့်အနိုင်ရကြောင်း ကြေညာပေးခဲ့တဲ့ ဒုသမ္မတကာမာလာဟဲရစ် (ဇန်နဝါရီ ၆၊ ၂၀၂၅)

အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် ဒုသမ္မတ ကာမာလာ ဟဲရစ်ကို ရီပတ်ဘလီကန်ပါတီ ကိုယ်စားလှယ် ဒေါ်နယ်ထရမ့်က အနိုင်ရခဲ့ကြောင်း လွှတ်တော်က ဇန်နဝါရီ ၆ ရက် တနင်္လာနေ့မှာ တရားဝင် အတည်ပြုပေးလိုက်ပါတယ်။

နောက်သီတင်းနှစ်ပတ်ကျရင်တော့ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်ကို ဒုတိယအကြိမ်ပြန်ရောက်လာပြီး တာဝန်ထမ်းဖို့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ ပြုလုပ်မှာပါ။ အမေရိကန် ဥပဒေအရ ပြည်နယ် ၅၀ ရဲ့ တပြည်နယ်ချင်းဆီက ရွေးကောက်ပွဲကိုယ်စားလှယ်အဖွဲ့ မဲရလာဒ် ရေတွက်တာကို လက်ရှိ ဒုသမ္မတကပဲ ကြီးကြပ်ရတာဖြစ်လို့ ကာမာလာ ဟဲရစ် က သူ့ရဲ့အရှုံးကို သူကိုယ်တိုင် အတည်ပြုပေးရတဲ့ အနေအထားဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်က ဘိုင်ဒင်အနိုင်ရတာကို လက်မခံပဲ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူတွေ မဲရလဒ်အတည်မပြုနိုင်အောင် တားဆီးဖို့လွှတ်တော် ဝင်ရောက်စီးနင်းမှု ဖြစ်ခဲ့ပေမဲ့ ဒီတခါတော့ အတည်ပြုပွဲ ချောချောမောမော ကျင်းပနိုင်ခဲ့ပါတယ်။ Kamala Harris က သူ့တာဝန်ဟာ အာဏာကို အေးအေးချမ်းချမ်း လွှဲပြောင်းပေးအပ်ရတဲ့ ကြီးလေးမွန်မြတ်တဲ့ တာဝန်ဖြစ်တယ်လို့ အခမ်းအနားမတိုင်ခင်က ဗီဒီယိုသတင်းစကား ပါးခဲ့ပါတယ်။

သူက ပြည်နယ်အသီးသီးက မဲရလဒ်အတည်ပြုချက် စာရွက်စာတမ်းတွေကို လွှတ်တော်အမတ် ၄ ဦးဆီ လွှဲပြောင်းပေးခဲ့ပြီး သူတို့က အများသိပြီးသား မဲရလဒ်တွေကို ဖတ်ပြခဲ့တာပါ။ ထရမ့်က ကိုယ်စားလှယ်မဲ ၃၁၂ မဲ - ၂၂၆ မဲနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ သူက ရွေးကောက်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးနိုင်တဲ့ ဟိုဒီယိမ်းပြည်နယ် ၇ ခုစလုံးမှာ အနိုင်ရခဲ့တာပါ။

အခု ကာမာလာဟဲရစ်လိုပဲ မိမိအရှုံးကို ပြန်အတည်ပြုပေးရတဲ့ ဒုသမ္မတတွေ အရင်ကလည်း ရှိခဲ့ပြီး ၁၉၆၀ မှာ ဂျွန် အက်ဖ် ကနေဒီကို ရှုံးနိမ့်ခဲ့တဲ့ ရစ်ချတ် နစ်ဆင်၊ ၂၀၀၀ ခုနှစ်မှာ ဂျော့ဒဗလျူဘုရှ်ကို ရှုံးနိမ့်ခဲ့တဲ့ အယ်လ်ဂေါတို့ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကန်ရွေးကောက်ပွဲ ထရမ့်အနိုင်ရကြောင်း လွှတ်တော်အတည်ပြု