သမ္မတ Biden ရွေးကောက်ပွဲဝင်ရေး ပြန်စဉ်းစားဖို့ Obama တိုက်တွန်း 

အမေရိကန်သမ္မတ Joe Biden (ဝဲ) နဲ့ သမ္မတဟောင်း Barack Obama တို့ လော့စ်အိန်ဂျလိစ်က Peacock ကပွဲရုံက ရန်ပုံငွေရှာပွဲတခုကို အတူတက်ရောက်စဥ်။ (ဇွန် ၁၅၊ ၂၀၂၄)

လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ သမ္မတဂျိုးဘိုင်ဒန် ထပ်ပြီးဝင်မပြိုင်ဖို့ ဒီမိုကရက်တစ်ပါတီရဲ့ ထင်ရှားတဲ့ခေါင်းဆောင်တွေက တိုက်တွန်းနေကြပါတယ်။

သမ္မတဘိုင်ဒန်အတွက် ရွေးကောက်ပွဲအောင်နိုင်ခြေဟာ ရက်ပိုင်းအတွင်းမှာပဲ ကျဆင်းလာနေကြောင်းနဲ့ သူ့ရဲ့ရွေးကောက်ပွဲ ရှုံးနိမ့်မှုကနေ လွှတ်တော်နှစ်ရပ်လုံးမှာလည်း ဒီမိုကရက်တွေထိန်းချုပ်နိုင်ဖို့မျှော်လင့်ချက်ကိုပါ ထိခိုက်လာနိုင်ခြေရှိနေတယ်လို့ သမ္မတကို သတိပေးနေကြတာဖြစ်ပါတယ်။

နိုင်ခြေသိပ်မရှိတဲ့အတွက် သမ္မတဘိုင်ဒန်အနေနဲ့ ရွေးကောက်ပွဲပြန်ဝင်ရေးကို အသေအချာစဉ်းစားဖို့လိုတယ်လို့ ဒုသမ္မတအဖြစ်နဲ့ ၈ နှစ်ကြာ အတူတာဝန်ထမ်းဆောင်ခဲ့တဲ့ သမ္မတဟောင်း Barack Obama က နိုင်ငံရေးမိတ်ဆွေကို ပြောကြားခဲ့တာပါ။ ဒါပေမယ့် အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ သမ္မတဘိုင်ဒန်က နိုဝင်ဘာ ၅ ရက်ရွေးကောက်ပွဲမှာ သူဟာ ဒီမိုကရက်တွေရဲ့ စံအဖြစ်ရှိနေမှာဖြစ်ကြေင်းပြောကြားရင်း ရွေးကောက်ပွဲ ထပ်ဝင်မှာဖြစ်ကြောင်း ပြသခဲ့တာဖြစ်ပါတယ်။

ဘိုင်ဒန်ဟာ အခု တတိယအကြိမ် ကိုဗစ် 19 ပြန်ဖြစ်နေတာကြောင့် သူ့ရဲ့ Delaware က အပမ်းဖြေနေအိမ်မှာ သီးခြားခွဲနေနေရပြီး လူထုနဲ့တွေ့ဆုံမယ့်အစီအစဉ် ဘာမှ မရှိပါဘူး။ ဒါပေမယ့်လည်း သမ္မတဘိုင်ဒန်ဟာ ကျန်းမာရေးပုံမှန်လိုရှိနေပြီး အမေရိကန်ပြည်သူတွေအတွက် အလုပ်ဆက်လုပ်နေတယ်လို့ အိမ်ဖြူတော်က သမ္မတဆရာဝန်က ထုတ်ပြန်ထားပါတယ်။

တချိန်တည်းမှာပဲ သူ့ပြိုင်ဘက် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကတော့ ကြာသပတေးနေ့ ညနေမှာပဲ ရီပတ်ဘလစ်ကင်ပါတီရဲ့သမ္မတလောင်းအဖြစ် အမည်စာရင်း တင်တာကို လက်ခံမှာဖြစ်ပါတယ်။

ဒီမိုကရက်ပါတီက အောက်လွှတ်တော်အမတ်အနည်းစု ခေါင်းဆောင် Hakeem Jeffries နဲ့ အထက်လွှတ်တော် အမတ်အများစုခေါင်းဆောင် Chuck Schumer တို့ကလည်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာပဲ သမ္မတဘိုင်ဒန်နဲ့ သီးခြားစီတွေ့ဆုံပြီး တကယ်လို့ သူသာသမ္မတလောင်းအဖြစ် ပြန်ယှဉ်ပြိုင်မယ်ဆိုရင် အထက်လွှတ်တော်မှာရော အောက်လွှတ်တော်မှာပါ ဒီမိုကရက်တွေ ရှုံးနိုင်ခြေရှိတယ်လို့ သတိပေးခဲ့ပါတယ်။ သမ္မတအိမ်ဖြူပြောခွင့်ရ Andrew Bates ကတော့ သူတို့ ၂ ဦးစလုံးရဲ့ပန်ကြားချက်ကို သမ္မတဘိုင်ဒန်ကလက်မခံဘဲ ရွေးကောက်ပွဲအနိုင်ရအောင် သူလုပ်မှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ကြေညာချက်ထုတ်ခဲ့ပါတယ်။

Your browser doesn’t support HTML5

သမ္မတ Biden ရွေးကောက်ပွဲဝင်ရေး ပြန်စဉ်းစားဖို့ Obama တိုက်တွန်း