ဖားကန့်မြေပြိုမှု သေဆုံးသူများအတွက်ဝမ်းနည်းကြောင်း အမေရိကန်သံရုံးထုတ်ပြန်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်က မြေပြိုကျမှုအတွင်း သေဆုံးသွားသူများကို သယ်ဆောင်နေကြတဲ့ မြင်ကွင်း။ (ဇူလိုင် ၀၂၊ ၂၀၂၀)

[Zawgyi/Unicode]

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းက ကျောက်စိမ်းတူးဖော်တဲ့နေရာမှာ မြေပြိုကျမှုကြောင့် သေဆုံးသွားတဲ့သူတွေအတွက် ဝမ်းနည်း စိတ်မကောင်းဖြစ်ရကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံးက ပြောကြားလိုက်ပါတယ်။

ဖားကန့်မြို့နယ်တွင်းမှာ ရှိတဲ့ ကျောက်စိမ်းတူးဖော်တဲ့နေရာမှာ မနေ့က မြေပြိုကျမှု အကြီးအကျယ်ဖြစ်ပွားခဲ့မှုကြောင့် သေဆုံးသွားတဲ့သူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ အမေရိကန်သံရုံးအနေနဲ့ ဝမ်းနည်းစိတ်မကောင်း ဖြစ်မိတယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်မှာ ဒီကနေ့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် မြေပြိုကျတဲ့အထဲမှာပါသွားတဲ့သူတွေကို ကယ်ဆယ်ရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်ကြတဲ့သူတွေအားလုံးကိုလည်း အမေရိကန်သံရုံးအနေနဲ့ ချီးကျူးဂုဏ်ပြုတယ်လို့ ပြောကြားလိုက်ပါတယ်။

ဖားကန့်မြို့နယ် ဝေခါကျေးရွာအနီးက ကျောက်စိမ်းလုပ်ကွက်ဟောင်းမှာ မနေ့က မြေပြိုကျမှုအကြီးအကျယ် ဖြစ်ပွားခဲ့တာကြောင့် သေဆုံးသူ ၁၇၀ ကျော်၊ ဒဏ်ရာရသူ ၅၀ ကျော် ရှိထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres

အခုလို ကျောက်စိမ်းတွင်း မြေပြိုကျမှုကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့တဲ့အပေါ် အလွန်စိတ်မကောင်းဖြစ်မိတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကလည်း မနေ့ ဇူလိုင် ၂ ရက်နေ့ နေ့စွဲနဲ့ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာအစိုးရနဲ့ ပြည်သူတွေအပါအဝင် သေဆုံးသွားတဲ့သူတွေ၊ မိသားစုဝင်တွေနဲ့ ထပ်တူဝမ်းနည်းမိပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို အကူအညီပေးဖို့လည်း အဆင်သင့်ရှိတယ်လို့ပြောလိုက်ပါတယ်။

Your browser doesn’t support HTML5

ဖားကန့်မြေပြိုမှု သေဆုံးသူများအတွက်ဝမ်းနည်းကြောင်း အမေရိကန်သံရုံးထုတ်ပြန်

[Unicode Version]




SEE ALSO: ဖားကန့် မြေပြို သေဆုံးများမှုအတွက် စိတ်မကောင်းဖြစ် (ကုလအတွင်းရေးမှူးချုပ်)


