သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့် မြေပြို သေဆုံးများမှုအတွက် စိတ်မကောင်းဖြစ် (ကုလအတွင်းရေးမှူးချုပ်)


 (ဓါတ်ပုံ- Myanmar Fire Service Department via AP)
(ဓါတ်ပုံ- Myanmar Fire Service Department via AP)

(Zawgyi/Unicode)

မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ကျောက်စိမ်းတွင်း ပြိုကျတာကြောင့် လူ ရာကျော် သေဆုံးခဲ့ရတဲ့ အတွက် အလွန် စိတ်မကောင်း ဖြစ်မိကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် Antonio Guterres က ဇူလိုင်လ ၂ ရက်နေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။


ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရနဲ့ ပြည်သူတွေနဲ့တကွ သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်း မိကြောင်းလည်း ကုလ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ မြေပြိုတဲ့ဒဏ်ခံစားရသူတွေအတွက် လုပ်ဆောင်နေတဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အကူအညီ ပေးဖို့ ကုလသမဂ္ဂက အသင့် ရှိနေတယ်လို့ သူက ပြောပါတယ်။

ဇူလိုင်လ ၂ရက်နေ့မှာပဲ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂအဖွဲ့ရုံးကလည်း မြေပြိုမှုထဲ အသက်ဆုံးရှုံးရသူတွေအတွက် စိတ်မကောင်း ဖြစ်မိကြောင်းနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်နေသူတွေကို ချီးကျူး ဂုဏ်ပြုကြောင်း သီးခြား ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ မီးသတ်ဌာနကတော့ ကြာသပတေးနေ့က ဖြစ်ပွားခဲ့တဲ့ ကျောက်စိမ်းတွင်း မြေပြိုမှုမှာ အနည်းဆုံး လူ ၁၆၀ သေဆုံးခဲ့ တယ်လို့ ပြောပါတယ်။ ကျောက်သမားတွေ ကျောက်တွေ ကောက်ယူနေချိန်မှာ မိုးရွာသွန်းလို့ရွှံ့မြေစေး နွံလှိုင်း ကျရောက်ခဲ့ပြီး သေဆုံးကြတာလို့ ပြောပါတယ်။ နောက်ထပ် တွင်းတတွင်းလည်း ပြိုကျနိုင်သေးတယ်လို့ မီးသတ်ဌာန တာဝန်ရှိသူ တစ်ဦးက သတိပေး ထားပါတယ်။

ဖားကန့်ဒေသ ကျောက်တွင်းတွေမှာ မကြာသေးမှီနှစ်တွေထဲ မြိုပြိုလို့ အသက်သေဆုံးရမှုတွေ ဖြစ်ပွားနေခဲ့တာပါ။ ကမ္ဘာ့ ကျောက်စိမ်း အထွက်ဆုံး နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံက ကျောက်စိမ်းတွေကို တရုတ်နိုင်ငံက အများဆုံး ဝယ်ယူနေတာလည်း ဖြစ်ပါတယ်။

လက်ရှိ မြန်မာ အစိုးရက ကျောက်မျက်တူးဖော်ရေးလုပ်ငန်းမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်လို့ ပြောထားပေမဲ့ အခုအချိန် အထိ တော့ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးပါဘူး။

သဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Global Witness ကတော့ ကျောက်စိမ်းက ရတဲ့ ဝင်ငွေတွေက မြန်မာ အစိုးရတပ်နဲ့ ကချင် လက်နက်ကိုင်တပ်အကြားက တိုက်ပွဲတွေကို မီးလောင်ရာ လေပင့် ပေးသလို ဖြစ်နေတယ်လို့ ပြောပါတယ်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ကျောက်စိမ်းက ရတဲ့ ဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၇၅၀ ရှိတယ်လို့ မြန်မာ အစိုးရကပြောပေမဲ့ အမှန်တကယ် ဝင်ငွေ နှစ်စဉ် ဒေါ်လာ ဘီလီယံနဲ့ချီ ရှိတယ်လို့ Global Witness က အစီရင်ခံထား ပါတယ်။

တိုက်ရိုက် လင့်ခ်


..................


(Unicode)









XS
SM
MD
LG