အမေရိကန်သမ္မတဟောင်း George H W Bush ဆေးရုံတက်

FILE - Former U.S. President George H.W. Bush arrives on the field to do the coin toss ahead of the start of Super Bowl LI between the New England Patriots and the Atlanta Falcons in Houston, Texas, Feb. 5, 2017.

အသက် ၉၄ နှစ် ရှိပြီဖြစ်တဲ့ အမေရိကန်သမ္မတဟောင်း George H. W. Bush ဟာ ဘက်တီးရီယားတမျိုး သွေးထဲရောက်သွားတဲ့ အတွက် ဆေးရုံတက်ကုသနေရကြောင်း မိသားစုပြောခွင့်ရတဦးက တနင်္လာနေ့ ညနေပိုင်းမှာ ပြောပါတယ်။

မစ္စတာ Bush ကို တနင်္ဂနွေနေ့ မနက်ပိုင်းကတည်းက Houston Methodist ဆေးရုံကို ပို့ခဲ့ရတာဖြစ်ပါတယ်။ သူ့ဇနီး Barbara ကတော့ ပြီးခဲ့တဲ အင်္ဂါနေ့ကပဲ ကွယ်လွန်ခဲ့တာမို့ မစ္စတာ Bush အခုလို ဆေးရုံတက်ရတာအတွက် မိသားစုက အလွန်စိုးရိမ်ခဲ့ကြတာပါ။

ဘက်တီးရီးယားပိုးဟာ သွေးထဲကိုပါ ပြန့်နှံ့သွားခဲ့တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ အခုတော့ ဆေးရုံမှာ ကုသမှုခံယူပြီး သက်သာလာပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။

၁၉၈၉ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အတွင်း သမ္မတတာဝန်ထမ်းဆောင်ခဲ့တဲ့ သမ္မတဟောင်း Bush ဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဆေးရုံ မကြာခဏ တက်ခဲ့ရပါတယ်။

၂၀၁၇ ဧပြီလထဲမှာ သူဟာ အဆုတ်အအေးမိ ရောဂါအပြင် နာတာရှည် အသက်ရှုလမ်းကြောင်းရောဂါကြောင့် Houston ဆေးရုံမှာ တက်ရောက် ကုသမှု ခံယူခဲ့ရပါတယ်။ အဲဒီမတိုင်ခင် လအနည်းငယ်တုန်းကလည်း Houston Methodist ဆေးရုံမှာပဲ အဆုတ်အအေးမိ ရောဂါနဲ့ ၁၆ ရက်ကြာ တက်ရောက်ကုသခဲ့ရတာပါ။

၂၀၁၅ တုန်းကတော့ ချော်လဲပြီး လည်ပင်းက အရိုးတခုကျိုးသွားတဲ့အတွက် Maine ပြည်နယ်မှာ ဆေးရုံတက်ခဲ့ရပါတယ်။ ၂၀၁၄ တုန်းကလည်း Huston ဆေးရုံမှာ တပတ်ကြာ တက်ရောက်ကုသခဲ့ရပါတယ်။

Your browser doesn’t support HTML5

အမေရိကန်သမ္မတဟောင်း George H W Bush ဆေးရုံတက်