ဂါဇာကပါလက်စတိုင်းတွေ နည်လမ်းစုံနဲ့ထွက်သွားလို့ရအောင် စီစဉ်ပေးထား (အစ္စရေးကာကွယ်ရေးဝန်ကြီး)

အစ္စရေး ကာကွယ်ရေးဝန်ကြီး Israel Katz

ဂါဇာကမ်းမြောင်ဒေသထဲက ပါလက်စတိုင်းအမြောက်အများ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်းတွေ ကနေ ထွက်သွားနိုင်အောင် အစီအစဉ်တွေလုပ်ဖို့ စစ်တပ်ကို ညွှန်ကြားထားတယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

Hamas စစ်သွေးကြွတွေကို ချေမှုန်းတဲ့ အစ္စရေးစစ်ဆင်ရေးကြောင့် ပျက်စီးနေတဲ့ ဂါဇာဒေသကနေ ပါလက်စတိုင်းတွေ ထွက်သွားဖို့ အမေရိကန်သမ္မတ Donald Trump က ရဲရဲတင်းတင်း ပြောကြားခဲ့ တာကိုလည်း ကြိုဆိုတယ်လို့ ဝန်ကြီး Israel Katz ကပြောကြားခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသကို ပြင်သစ်တောင်ပိုင်း Riviera အပန်းဖြေဒေသလိုမျိုး အရှေ့အလယ်ပိုင်းရဲ့ အပန်းဖြေနေရာဖြစ်အောင် လုပ်မယ်လို့ သမ္မတ Trump နဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu တို့ ဝါရှင်တန်မြို့တော်က ပူးတွဲသတင်းစာရှင်းပွဲမှာ ပြောကြားခဲ့တာပါ။ ဂါဇာကမ်းမြောင်ဒေသထဲမှာရှိတဲ့ ပါလက်စတိုင်း ၂ သန်းက ို အိမ်နီးချင်းတခြားနေရာတွေကို ပြောင်းခိုင်းပြီး ဂါဇာဒေသကို အမေရိကန်က ထိန်းချုပ် လိုက်ချင်တယ်လို့ သမ္မတ Trump ကပြောခဲ့တာပါ။

ဂါဇာကို ပြန်လည်တည်ဆောက်နေစဉ် ပါလက်စတိုင်းတွေ တခြားကို ထွက်သွားနိုင်ကြပြီး ပြီးမှ ပြန်လာနိုင်တယ်လို့ အစ္စရေးဝန်ကြီးချုပ် Netanyahu ကလည်း Fox သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။ သမ္မတ Trump ရဲ့အကြံဟာ သိပ်ကောင်းတဲ့ စဉ်းစားမှုဖြစ်ပြီး လက်တွေ့လိုက်လုပ်သင့်တယ်လို့ အစ္စရေးဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

ဂါဇာကနေ ပါလက်စတိုင်းတွေထွက်သွားကြဖို့ သမ္မတ Trump ရဲ့ အဆိုပြုချက်အပေါ် ကျယ်ကျယ် ပြန့်ပြန့် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ လူတွေကို အတင်းအကျပ် နေရပ်ကနေ ထွက်ခွာခိုင်းမှု မှန်သမျှဟာ လူမျိုးသုဉ်းရှင်းလင်းတဲ့သဘောသက်ရောက်တယ်လို့ ကုလသမဂ္ဂပြောခွင့်ရ Stephane Dujarric ကပြောကြားခဲ့ပါတယ်။

အာရပ်နိုင်ငံပေါင်း ၂၂ နိုင်ငံပါဝင်တဲ့ အာရပ်အဖွဲ့ချုပ်ကလည်း သမ္မတ Trump ရဲ့ အစီအစဉ်ဟာ မတည်ငြိမ်မှုတွေဖြစ်စေနိုင်ပြီး ပါလက်စတိုင်းနိုင်ငံ ပေါ်ထွန်းလာရေးကို ရှေ့တိုးလုပ်နိုင်မှာ မဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ ဂျာမနီသမ္မတ Frank-Walter Steinmeier ကလည်း နိုင်ငံတကာ ဥပဒေအရ လက်ခံနိုင်ကြမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

ဂါဇာကပါလက်စတိုင်းတွေ နည်လမ်းစုံနဲ့ထွက်သွားလို့ရအောင် စီစဉ်ပေးထား (အစ္စရေးကာကွယ်ရေးဝန်ကြီး)