ကန်နဲ့ မြောက်ကိုရီးယား သဘောတူညီချက်ရ

အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ စကာၤပူမှာ ဒီကနေ့ လက်မှတ်ရေးထိုးလိုက်တဲ့ သဘောတူညီချက်ထဲမှာတော့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းဘက်က ကိုရီးယားကျွန်းဆွယ်မှာ နျူးကလီးယား လုံး၀ ကင်းစင်ရေး သူ့ရဲ့ ခိုင်မာတဲ့ ကတိကဝတ်ကို ထပ်ပြီး အာမခံခဲ့သလို အမေရိကန် သမ္မတ Donald Trump ဘက်ကတော့ မြောက်ကိုရီးယားနိုင်ငံကို လုံခြုံရေး အာမခံချက် ပေးဖို့ ကတိပြုခဲ့ပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ တည်တံ့မယ့် ငြိမ်းချမ်းရေးကို အတူဖော်ဆောင်ဖို့၊ အမေရိကန်နဲ့ မြောက်ကိုရီးယားကြား ဆက်ဆံရေးသစ် တရပ်ထူထောင်ပြီး စစ်အတွင်း ပျောက်ဆုံးသွားသူတွေ၊ စစ်သုံ့ပန်းတွေရဲ့ ကြွင်းကျန်ရုပ်အလောင်းတွေကို ပြန်လည်ရှာဖွေရေးတို့ကိုလည်း သဘောတူခဲ့ကြပါတယ်။ နောက်ထပ် စေ့စပ်ဆွေးနွေးမှုတွေ လုပ်ဖို့လည်း နှစ်ဘက်တို့ ကတိပြုခဲ့ကြပါတယ်။

မြောက်ကိုရီးယားမှာ နျူးကလီးယား ကင်စင်ရေး လုပ်မယ်လို့ အမေရိကန် သမ္မတ Donald Trump က ဗွီအိုအေ အတွက် ဆောင်ရွက်ပေးနေတဲ့ Greta Van Susteren ကို ပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယားမှာ အမေရိကန် တပ်ဖွဲ့တွေ ဆက်ပြီး တပ်ချထားမယ်လို့လည်း သမ္မတ က ဗွီအိုအေကို ပြောပါတယ်။

ဒါပေမယ့်လည်း မြောက်ကိုရီးယားဘက်က တစိုက်မတ်မတ် လိုလားနေတဲ့ အချက်တခုကိုလည်း လိုက်လျောကြောင်း ကြေညာခဲ့ပါတယ်။ ငွေကုန်ကြေးကျများလှတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို မလုပ်တော့ဘူးလို့ သမ္မတ Trump က ပြောဆိုခဲ့တာပါ။ မြောက်ကိုရီးယားရဲ့ နျူးကလီးယား လက်နက်တွေ ရှိနေသမျှတော့ အမေရိကန်ဘက်က ဒဏ်ခတ်ပိတ်ဆို့မှုကို ဆက်ပြီး ကျင့်သုံးသွားမယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် သမ္မတက ပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူးကလီးယားလက်နက် ပမာဏနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါသလားလို့ သမ္မတ Trump ကို မေးမြန်းတာမှာတော့ မြောက်ကိုရီးယားမှာ နျူးကလီးယားလက်နက် ပမာဏ ကြီးကြီးမားများ ရှိတယ်လို့ ဖြေကြားခဲ့ပါတယ်။

လူ့အခွင့်အရေး အပိုင်းမှာတော့ ဒီကနေ့ အင်္ဂါနေ့ ဆွေးနွေးမှုမှာ အနည်းငယ်သာ ဆွေးနွေးနိုင်ခဲ့ပြီး အနာဂတ်မှာ နှစ်ဘက်တို့ ပိုပြီး ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သမ္မတ Trump က ပြောပါတယ်။ မြောက်ကိုရီးယား အလုပ်ကြမ်းစခန်းတွေမှာ ထောင်နဲ့ချီတဲ့ လူတွေ ပြစ်ဒဏ်ခံနေရတာနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တာမှာတော့ သမ္မတ Trump က သူ့အနေနဲ့ ဒီလူတွေကို ကူညီခဲ့ပြီလို့ ယူဆတဲ့ အကြောင်း၊ မြောက်ကိုရီးယားမှာ အပြောင်းအလဲတွေ ဖြစ်လာတော့မယ်လို့ ပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း အပေါ်မှာ အပြုသဘောဆောင်တဲ့ အသုံးအနှုန်းမျိုးကိုလည်း အမေရိကန် သမ္မတဘက်က ထပ်ခါတလဲလဲ သုံးနှုန်း ပြောဆိုခဲ့ပါတယ်။ ဒီကနေ့ ထိပ်သီးဆွေးနွေးပွဲ အကောင်အထည်ပေါ်ခဲ့တဲ့ အတွက် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားခေါင်းဆောင်တွေရဲ့ ကြိုးပမ်းမှုကိုလည်း ကျေးဇူးတင်ကြောင်း အမေရိကန် သမ္မတက ပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းကို သင့်တော်တဲ့ တချိန်မှာ အမေရိကန် သမ္မတ အိမ်ဖြူတော်ကို ဖိတ်ကြားမှာ ဖြစ်ပြီး သူ့အနေနဲ့ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်ကို သွားရောက်ဖို့ လမ်းဖွင့်ထားကြောင်း ပြောဆိုခဲ့ပါတယ်။