သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတTrump နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim တို့ရဲ့ သမိုင်းဝင် ထိပ်သီးညီလာခံ စတင်ပြီ


အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un တို့ရဲ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲကို စင်္ကာပူစံတော်ချိန် အင်္ဂါနေ့ မနက် ၉ နာရီ ဝါရှင်တန်စံတော်ချိန် တနင်္လာနေ့ည ၉ နာရီ မြန်မာစံတော်ချိန် မနက် ၇ နာရီခွဲမှာ စင်္ကာပူ Sentosa အပမ်းဖြေကျွန်းရှိ Cappela ဟော်တယ်မှာ ကျင်းပနေပြီ ဖြစ်ပါတယ်။

သမ္မတ Turmp နဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ဟာဟာ သူတို့တည်းခိုတဲ့ စင်္ကာပူမြို့လယ် Orchard လမ်းက Shangrila ဟော်တယ်ကနေ ထွက်ခွါခဲ့ ကြတာ ဖြစ်ပြီး မြောက်ကိုရီးယား ခေါင်းဆောင် Kim နဲ့ကိုယ်စားလှယ် အဖွဲ့တို့ကတော့ သူတို့ တည်းခိုတဲ့ St. Regis ဟော်တယ်ကနေ ညီလာခံ ကျင်းပရာ နေရာကို ထွက်ခွါခဲ့ ကြတာ ဖြစ်ပါတယ်။

လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်သမ္မတ တဦးနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ ပထမဆုံး အကြိမ်ကျင်းပတဲ့ ထိပ်သီး ညီလာခံမှာ သမ္မတ Trump နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ဟာ ဘာသာပြန်တွေက လွဲလို့ သူတို့ ၂ ဦးထဲ အရင်ဆုံး ၄၅ မိနစ်ကြာ တွေ့ဆုံမှာဖြစ်ပါတယ်။

အဲဒီနောက်မှာမှ နေ့လည်စာ သုံးဆောင်ရင်း နှစ်ဘက် ဆွေးနွေးမှုတွေကို ဆက်လက် ပြုလုပ်မှာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ၊ အိမ်ဖြူတော် ဝန်ထမ်းအရာရှိချုပ် John Kelly ၊ အမျိုးသား လုံခြုံရေးအကြံပေး John Bolton တို့ပါဝင်တဲ့ ၂ နိုင်ငံ အဆင့်မြင့် အရာရှိတွေ တက်ရောက်မယ့် တိုးချဲ့စည်းဝေးပွဲကို ၂ နာရီခွဲကြာ ကျင်းပမှာ ဖြစ်ပါတယ်။

၂ နိုင်ငံ ဆွေးနွေးပွဲအတွင်း ကိုရီးယားကျွန်းဆွယ်ဒေသတွင်း နျူ ကလီယား ကင်းရှင်းရေး ကိစ္စ အဓိကထား ဆွေးနွေးဖို့ ရှိပါတယ်။ ဒီညီလာခံကို ကာကွယ်ရေးဝန်ကြီး Mattis ကတော့ မတက်ရောက်ပါဘူး။ သူက အခုလို မြောက်ကိုရီးယား ခေါင်းဆောင် Kim နဲ့ အမေရိကန်သမ္မတ Trump တို့ တွေ့ဆုံချိန်မှာ ကိုရီးယားကျွန်းဆွယ်ဒေသ တွင်း ချထားတဲ့ အမေရိကန် တပ်သား အရေအတွက် လျှော့ချဖို့အရေး ကို ထည့်သွင်းဆွေးနွေးမယ်လို့ သူ့အနေနဲ့ မယူဆကြာင်း ဝန်ကြီး Jim Mattis က အင်္ဂါနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

သမ္မတ Trump ဟာ ထိပ်သီးညီလာခံ အပြီး သတင်းမီဒီယာနဲ့ ခေတ္တတွေ့ဆုံဖို့ ရှိပြီး အင်္ဂါနေ့ ညနေပိုင်းမှာပဲ စင်္ကာပူကနေ အမေရိကန်ပြည်ထောင်စုကို ပြန်လည် ထွက်ခွါမှာ ဖြစ်ပါတယ်။ သမ္မတ Trump အပြန်ခရီးမှာ အမေရိကန် ပိုင် Guam ကျွန်းနဲ့ ဟာဝိုင်ယီတို့ကို ဝင်ရောက်မယ်လို့ သိရပါတယ်။

အလားတူပဲ မြောက်ကိုရီးယား ခေါင်းဆောင် Kim ကလည်း အင်္ဂါနေ့ ညမှာ စင်္ကာပူကနေ ပြန်လည် ထွက်ခွါမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG