သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကြာမီကျင်းပတော့မည့် Trump နှင့် Kim သမိုင်းဝင် စင်္ကာပူ ထိပ်သီးစည်းဝေးပွဲ


တကမ္ဘာလုံးက စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတဲ့ မြောက်ကိုးရီးယားနဲ့အမေရိကန် ထိပ်သီးဆွေးနွေးပွဲက မကြာခင် နာရီပိုင်း အတွင်းမှာပဲ စတင်ပါတော့မယ်။ ကိုရီယား ကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ရေးဆိုတဲ့ အမေရိကန်ရဲ့ရည်ရွယ်ချက်က မပြောင်း လဲဘဲဆက်ရှိနေပြီး ကင်မ်ဂျူံအွန်းကသာ နျူကလီးယားအစီအစဉ်တွေ ဖျက်သိမ်းမယ် ဆိုရင် မြောက်ကိုရီးယားပြည်သူ တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဖြစ်လာမယ်လို့ သမ္မတထရမ့်ပ်က ပြောထားပါတယ်။ ထိပ်သီးဆွေးနွေးပွဲမစခင် နောက်ဆုံးသိထားရတဲ့ အခြေအနေတွေကို ကိုကျော်အောင်လွင်က တင်ပြထားပါတယ်။

ရန်ဘက်တွေအဖြစ်ရှိခဲ့ပြီး တခါမှမတွေ့ဆုံဖူးကြတဲ့ မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျူံအွန်းနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်တို့ နှစ်ဦးဟာ စင်္ကာပူနိုင်ငံမှာ လမ်းလျှောက်သွားရင် ၉ မိနစ်ပဲကြာတဲ့နေရာတွေမှာ အသီးသီး ရှိနေကြပါတယ်။ မကြာခင်နာရီပိုင်းမှာ သူတို့နှစ်ဦးတွေ့ဆုံပြီး တကမ္ဘာလုံးက စောင့်ကြည့်နေကြတဲ့ ကမ္ဘာကျော်မယ့် ထိပ်သီး ဆွေးနွေးပွဲကို စတင်တော့မှာပါ။ စင်္ကာပူစံတော်ချိန် မနက် ၉ နာရီ၊ မြန်မာစံတော်ချိန် မနက် ၇ နာရီခွဲ၊ အမေရိကန် ဝါရှင်တန် စံတော်ချိန် ည ၉ နာရီမှာ ဆွေးနွေးပွဲစကျင်းပမှာပါ။

အစီအစဉ်အရ ပထမပိုင်း ၄၅ မိနစ်က ခေါင်းဆောင်နှစ်ဦးရဲ့သီးသန့် တံခါးပိတ်ဆွေးနွေး ပွဲပါ။ အဲဒီမှာ ခေါင်းဆောင်နှစ်ဦးနဲ့ စကားပြန်တွေပဲရှိမှာပါ။ အဲဒါပြီးမှ နှစ်နိုင်ငံ ထိပ်တန်း အရာရှိကြီးတွေပါဝင်တဲ့ နှစ်နာရီ ကြာမယ့်ဆွေးနွေးပွဲကို ကျင်းပကြလိမ့်မယ်လို့ အိမ်ဖြူတော် က ပြောထားပါတယ်။

သမ္မတထရမ့်ပ်က ဒီကနေ့ပဲ ည ၈ နာရီလောက်မှာ အမေရိကန်ကို ပြန်လာမှာဖြစ်ပြီး စင်္ကာပူက သူပြန်မထွက်ခင် သတင်းထောက်တွေကို စကားပြောမယ်လို့ဆိုပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ရေးဆိုတဲ့ ရလဒ်ထွက်ပေါ်လာတာကိုပဲ အမေရိကန်ဘက်က လက်ခံသွားမှာပါလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကပြောပါတယ်။

“မြောက်ကိုးရီးယားနဲ့ ကျနော်တို့ သံတမန်ဆက်ဆံရေးလုပ်တဲ့ အဓိကရည်ရွယ်ချက်က ပြောင်းလဲမှှုမရှိပါဘူး။ ခိုင်မာ ယုံကြည် စိတ်ချရပြီး နောက်ကြောင်းပြန်လှည့်မသွားနိုင်တဲ့ ကိုးရီးယားကျွန်းဆွယ်က နျူကလီးယားကင်းစင်ရေးဆိုတဲ့ တခုတည်းသော ရလဒ်ကိုပဲ အမေရိကန်ဘက်က လက်ခံမှာပါ။ ကင်မ်ဂျူံအွန်းကသာ နျူကလီးယားအစီအစဉ်ကို စွန့်လွှတ်ဖျက်သိမ်းမယ်ဆိုရင် မြောက်ကိုရီးယားနိုင်ငံနဲ့ ပြည်သူတရပ်လုံးအတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ် ဖြစ်လာလိမ့်မယ်ဆိုတာကို သမ္မတထရမ့်ပ်ကလည်း ရှင်းရှင်းလင်းလင်းပြောထားပြီးပါပြီ။”

တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုကိုလည်း ဝန်ကြီး Pompeo က ချီးမွမ်းပြောဆိုပြီး သမ္မတထရမ့်ပ်က ကြီးကြီးမားမားနဲ့ ထိထိ ရောက်ရောက်ကိစ္စကို လုပ်ချင်နေတာလို့ ဆိုပါတယ်။

“သမ္မတက ကြီးမားပြီးထိရောက်တဲ့ ကိစ္စမျိုးကို လုပ်ချင်နေတာပါ။ မြောက်ကိုးရီး ယားခေါင်းဆောင် ကင်မ်ဂျူံအွန်းကလည်း အလားတူ ပြင်ဆင်ထားလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ အခုထိပ်သီးဆွေးနွေးပွဲကိစ္စမှာ တရုတ်နိုင်ငံရဲ့အခန်းကဏ္ဍလည်း ပါဝင်ပတ်သက်လိမ့်မယ်ဆိုတာ ကျနော်နားလည်ယုံကြည်ထားပါတယ်။ မြောက်ကိုးရီးယား ကို ဖိအားတွေဝိုင်းပေးကြတဲ့အထဲမှာ တရုတ်ကလည်း အရေးကြီးတဲ့နိုင်ငံတခုအဖြစ် ပါဝင်ခဲ့တာပါ။ တရုတ်နိုင်ငံဟာ မြောက်ကိုးရီးယားရဲ့ နျူကလီးယားဆိုင်ရာ သဘော ထားတွေပြောင်းလဲလာအောင် တိုက်တွန်းပြောဆိုဖို့ အရင်က သဘောတူခဲ့တာ မဟုတ်ပါဘူး။”

မြောက်ကိုးရီးယားရဲ့နျူကလီးယား ဖျက်သိမ်းရေးကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂဘက်က လိုအပ်တဲ့ကိစ္စတွေကို အကူအညီပေးဖို့ အဆင်သင့်ပဲလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က သတင်းထောက်တွေကို မနေ့ကပဲ ထပ်ပြောခဲ့ပါတယ်။

“မကြာခင်နာရီပိုင်းအတွင်း စင်္ကာပူမှာဖြစ်လာမယ့်ကိစ္စကို တကမ္ဘာလုံးက အနီးကပ်စောင့်ကြည့်နေပါတယ်။ သံတမန်ရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့ကြိုးပမ်းနေကြတဲ့ မြောက်ကိုးရီးယားနဲ့ အမေရိကန်နိုင်ငံတွေက ခေါင်းဆောင်တွေကို ကျနော် ချီးကျူးလိုက် ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက အင်မတန်စိုးရိမ်စရာကောင်းတဲ့ အခြေအနေတွေ၊ အန္တရာယ်ရှိတဲ့အခြေအနေတွေ ဖြစ်ခဲ့တာတွေကို အဆုံးသတ်ဖို့ နှစ်နိုင်ငံခေါင်းဆောင်တွေ ကြိုးပမ်းနေကြတာပါ။ ဒီလုပ်ရပ်တွေကြောင့် ငြိမ်းချမ်းပြီး ယုံကြည်စိတ်ချရတဲ့ နျူကလီး ယား ဖျက်သိမ်းရေးအစီအစဉ်က ဖြစ်လာရပါလိမ့်မယ်။ ပြီးခဲ့တဲ့လတုန်းက ဒီနှစ်နိုင်ငံခေါင်းဆောင်တွေဆီကို ကျနော် စာရေးပို့ခဲ့တဲ့ အထဲမှာ ပါသလိုပဲ ရှေ့မှာကြုံလာရမယ့်အခြေနေတွေမှာ အတူပူးပေါင်းလုပ်ဆောင်မှုတွေ၊ ညှိနှိုင်း ဆွေးနွေးမှုတွေ၊ အများအကျိုး ကိုေ ရှ့ရှုတဲ့လုပ်ရပ်တွေ လိုအပ်ပါလိမ့်မယ်။ အဆင်ပြေမှုတွေရော၊ အဆင်မပြေမှုတွေရော၊ သဘောမတူညီမှုတွေရော၊ မလွဲမသွေ ပါဝင်နေမယ့် ခက်ခဲတဲ့ညှိနှိုင်းမှုတွေဖြစ်ပါလိမ့်မယ်။ ဒီကိစ္စမှာ ကုလသမဂ္ဂဘက်က လုပ်ပေးနိုင်မယ့်ကိစ္စတွေကို အကူညီပေးသွားဖို့ အသင့်ပါပဲ။ ပါဝင်ပတ်သက်နေကြတဲ့အဖွဲ့တွေက နျူကလီးယားဆိုင်ရာ ကိစ္စတွေကို စိစစ်ပေးဖို့ တောင်းဆိုလာမယ်ဆိုရင်လည်း ကုလသမဂ္ဂဘက်က ကူညီဖို့ အသင့်ပါပဲ။”

သမိုင်းတွင်ကောင်း တွင်သွားနိုင်တဲ့ အခု ထိပ်သီးဆွေးနွေးပွဲအတွက် အိမ်ရှင်အဖြစ် လက်ခံဆောင်ရွက်ပေးတဲ့ စင်္ကာပူနိုင်ငံက လည်း အခုအရေးမှာ တော်တော် တက်တက်ကြွကြွရှိနေတာပါ။ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့ စင်္ကာပူမှာ နေစရိတ်၊ စားစရိတ်၊ လုံခြုံရေးစတဲ့ ကုန်ကျမှုတွေအားလုံးအတွက် စင်္ကာပူနိုင်ငံက အကုန်အကျခံပါတယ်။ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၅ သန်းကုန်ကျမှာပါ။

သမ္မတထရမ့်က Shangri-La ဟိုတယ်မှာ တည်းခိုပြီး၊ ကင်ဂျုံအွန်းက The Saint Regis ဟိုတည်မှာ တည်းခိုပါတယ်။ ထိပ်သီးဆွေးနွေးပွဲကိုတော့ စင်္ကာပူနိုင်ငံ Sentosa အပမ်းဖြေကျွန်းက Capella ဟိုတယ်မှာ ကျင်းပမှာပါ။ မနေ့တုန်းကပဲ မြောက်ကိုရီးယားနဲ့အမေရိကန်ခေါင်းဆောင်၂ဦး စင်္ကာပူဝန်ကြီးချုပ် Lee Hsein Loong နဲ့ သီးခြားစီတွေ့ဆုံထားပြီးပါပြီ။

သမ္မတထရမ့်ပ်နဲ့ တောင်ကိုရီးယား သမ္မတ Moon Jae-in တို့ မနေ့တုန်းက တယ်လီဖုန်းဆက်သွယ်ပြောဆိုခဲ့ကြပြီး ဒီထိပ်သီးဆွေးနွေးပွဲသာ အောင်မြင်မယ်ဆိုရင် ဒီအောင်မြင်မှုဟာ ကမ္ဘာကြီးအတွက် လက်ဆောင်တခုဖြစ်လိမ့်မယ်လို့ တောင်ကိုးရီးယားသမ္မတက ပြောဆိုခဲ့ပါတယ်။ တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်က အမေရိကန်သံရုံးရှေ့မှာလည်း အခုထိပ်သီးဆွေးနွေးပွဲအောင်မြင်ရေး ထောက်ခံတဲ့ ဆန္ဒပြသူတွေရှိနေပါတယ်။

ဒီထိပ်သီးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို ခွင့်ပြုသမျှ တိုက်ရိုက်ထုတ်လွှင့်ချက်တွေကို ဗီအိုအေ website Burmese.voanews.com ဖေ့စ်ဘုခ်စာမျက်နှာ voa Burmese news နဲ့ VOA Burmese youtube တို့ကနေ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG