အမေရိကန် Apache တိုက်ခိုက်ရေးရဟတ်ယဉ် ၉၆ စီး ပိုလန်ဝယ်ယူ 

အမေရိကန်ဆီကနေ ပိုလန်ကဝယ်ယူမယ်ဆိုတဲ့ AH-64E Apache အမျိုးအစား တိုက်ရဟတ်ယာဥ်။ (ယခင်မှတ်တမ်းဓာတ်ပုံ)

အမေရိကန်ကုမ္ပဏီ Boeing ဆီက အပါချီ တိုက်ရဟတ်ယာဥ် ၉၆ စီး ဝယ်ယူမယ့် ဒေါ်လာ ၁၀ ဘီလီယံ တန်ဖိုးရှိ စာချုပ်ကို ပိုလန်က အင်္ဂါနေ့က လက်မှတ်ထိုးလိုက်ပါတယ်။ ၂၀၂၂ ခုနှစ် အိမ်နီးချင်း ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့ပြီးကတည်းက ပိုလန်နိုင်ငံဟာ သူ့ရဲ့လက်နက်ကိုင်တပ်တွေ ခေတ်မီဖို့ အရှိန်မြှင့် လုပ်ဆောင်နေခဲ့တာပါ။

စစ်တပ်ကို လက်နက်တပ်ဆင်ပြောင်းလဲရာမှာ ဒီနေ့ဟာ သမိုင်းမှတ်တိုင်နေ့ဖြစ်ပါတယ်လို့ ကာကွယ်ရေးဝန်ကြီး Wladyslaw Kosiniak-Kamysz က အပါချီ တိုက်ရဟတ်ယာဥ်တွေထားရှိမယ့် Inowroclaw လေတပ်စခန်းမှာ သတင်းထောက်တွေကို ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ အောက်လွှတ်တော်တို့က အပါချီ ရဟတ်ယာဥ်တွေရောင်းဖို့ မနှစ်တုန်းက ခွင့်ပြုခဲ့တာပါ။ ဒါဟာ မကြာမီရက်တွေအတွင်း ပိုလန်နဲ့အမေရိကန်တို့ လက်မှတ်ထိုးခဲ့ကြတဲ့စာချုပ်တွေထဲမှာ နောက်ဆုံးဖြစ်ပါတယ်။

သောကြာနေ့တုန်းက ဝေဟင်ကနေ ဝေဟင်ကိုပစ်တဲ့ AIM-120C AMRAAM ဒုံးကျည်တွေ ရာချီဝယ်ယူမယ့် သဘောတူညီချက်ကို ပိုလန်က သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။ တနင်္လာနေ့တုန်းကလည်း အမေရိကန် ဒီဇိုင်း Patriot လေကြောင်းရန် ကာကွယ်ရေးပစ်စင် ၄၈ စင်း တည်ဆောက်ဖို့စာချုပ် ကြေညာခဲ့ပါတယ်။ ပိုလန်က ဒီနှစ် ကာကွယ်ရေး အသုံးစရိတ်ကို ဘတ်ဂျက်ရဲ့ ၄ ရာနှုန်းကျော်အထိ တိုးမြှင့်ခဲ့ပါတယ်။

Your browser doesn’t support HTML5

အမေရိကန် Apache တိုက်ခိုက်ရေးရဟတ်ယဉ် ၉၆ စီး ပိုလန်ဝယ်ယူ