ဟီလာရီကလင်တန်ကို သမ္မတလောင်းအဖြစ် ဒီမိုကရက်တစ်ပါတီညီလာခံ အတည်ပြုဖို့ရှိ

ဒီမိုကရက်တစ် ပါတီရဲ့ သမ္မတလောင်း အဖြစ် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန် ကို အတည်ပြုဖို့ရှိနေပါတယ်။

အမေရိကန် ဒီမိုကရက်တစ်ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာပါတီ ညီလာခံအကြို တနင်္ဂနွေနေ့မှာပဲ ပါတီဥက္ကဋ္ဌ Debbie Wasserman Schultz က ရာထူးကနေ နုတ်ထွက်မယ့်အကြောင်း ကြေညာလိုက်ပါတယ်။

လာမယ့် နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် ပါတီရဲ့ သမ္မတလောင်း အဖြစ် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်ကို ဒီညီလာခံမှာ တရားဝင် အတည်ပြုမှာပါ။ သမ္မတလောင်း ဖြစ်ရေး ယှဉ်ပြိုင်မှုတွေမှာ မစ္စစ်ကလင်တန်အတွက် ထင်မှတ်မထား လောက်အောက် နောက်ဆုံးအချိန်အထိ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရတဲ့ ဗားမောက် ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders ရဲ့ မဲဆွယ်လှုပ်ရှားမှုတွေ တရှိန်ထိုး အားကောင်းလာခဲ့တဲ့အပေါ်မှာ ပါတီ ခေါင်းဆောင်တွေက ဝေဖန် သရော်တာတွေ လုပ်ခဲ့တဲ့ အီးမေးတွေ ပေါက်ကြားခဲ့ချိန်မှာပဲ အခုလို နုတ်ထွက်မယ့်အကြောင်း ကြေညာတာပါ။

ဒီမိုကရက်တစ်ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ ဖလော်ရီဒါပြည်နယ် အထက်လွှတ်တော်အမတ် Wasserman Schultz အနေနဲ့ ဒီသီတင်းပတ် Philadelphia မြို့မှာကျင်းပတဲ့ ပါတီညီလာခံ အပြီးမှသာ တရားဝင် နုတ်ထွက်လိမ့်မယ်လို့ မျှော်လင်ခဲ့ကြတာပါ။ လွန်ခဲ့တဲ့ တနှစ်ခွဲ ကာလလောက်အတွင်း ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တွေကြား အပြန်အလှန် ဆက်သွယ်ခဲ့ကြတဲ့ အီးမေး ၂ သောင်းနီးပါးကို WikiLeaks က ဖွင့်ချခဲ့ပြီးတဲ့နောက် မစ္စတာ Sanders ကလည်း Wasserman Schultz နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ပေါက်ကြား ခဲ့တဲ့ အီးမေးတွေနဲ့ပတ်သက်လို့တော့ မစ္စတာ Sanders က သိပ်ကို ရှက်စရာကောင်းတဲ့ကိစ္စလို့ ဆိုပေမဲ့ ဒီအီးမေးတွေနဲ့ ပတ်သက်လို့ သူ သိပ် မအံ့သြတဲ့အကြောင်း၊ ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာကော်မတီဟာ ဟီလာရီကလင်တန်ကို ထောက်ခံပြီး သူ့ရဲ့ မဲဆွယ်လှုပ်ရှားမှုတွေကို ဆန့်ကျင်ခဲ့တယ်ဆိုတာကို လွန်ခဲ့တဲ့ ၆ လလောက်က တည်းက သူ ပြောနေခဲ့တာဖြစ်တယ်လို့ မစ္စတာ Sanders က CNN ရုပ်သံနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောသွားပါတယ်။

Your browser doesn’t support HTML5

ဟီလာရီကလင်တန်ကို သမ္မတလောင်းအဖြစ် ဒီမိုကရက်တစ်ပါတီညီလာခံ အတည်ပြုဖို့ရှိ