ဝါရှင်တန်ဒီစီ ဆန္ဒပြမှု ညပိုင်း ထိပ်တိုက်အကြမ်းဖက်မှုတွေ ရှိလာ

ဝါရှင်တန်ဒီစီ ဆန္ဒပြပွဲအတွင်း ထိပ်တိုက်တွေ့နေတဲ့ သမ္မတ Trump ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူများ။ (ဒီဇင်ဘာ ၁၂၊ ၂၀၂၀)

ဝါရှင်တန်ဒီစီ ဆန္ဒပြပွဲအတွင်း ထိပ်တိုက်တွေ့နေတဲ့ သမ္မတ Trump ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူများ။ (ဒီဇင်ဘာ ၁၂၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စုရဲ့မြို့တော် ဝါရှင်တန်ရဲ့ လမ်းမတွေပေါ်မှာတော့ မနေ့ စနေညက ရွေးကောက်ခံသမ္မတ Joe Biden ကို ရှုံးနိမ့်ခဲ့ရတဲ့ သူ့မဲရလဒ်ပြောင်းလဲရေး ဥပဒေကြောင်းအရ ကြိုးပမ်းမှု မအောင်မြင်ခဲ့တဲ့ သမ္မတ Trump ကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတို့ကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီထိပ်တိုက်ဖြစ်ပွားမှုမှာ ဓားဒဏ်ရာတွေရခဲ့တဲ့ လူ ၄ ဦး ဆေးရုံတင်လိုက်ရပြီး အနည်းဆုံး လူ ၂၃ ဦးကို ဖမ်းဆီးလိုက်တယ်လို့ မြို့တော်ဝါရှင်တန် ရဲအာဏာပိုင်တွေက ပြောပါတယ်။

စနေနေ့မနက် အစောပိုင်းတုန်းက ထောင်ချီတဲ့ သမ္မတ Trump ထောက်ခံသူတွေဟာ Trump ရှိနေတဲ့ အိမ်ဖြူတော်ဆီကို စုဝေးချီတက်ဆန္ဒပြ ကြွေးကြော်ခဲ့ကြပါတယ်။

SEE ALSO: သမ္မတ Trump ကို ထောက်ခံသူတွေ ဝါရှင်တန်မှာ စုဝေး

ရွေးကောက်ခံသမ္မတ Joe Biden အမေရိကန်ပြည်ထောင်စုရဲ့ ၄၆ ယောက်မြောက် သမ္မတအဖြစ် ရွေးချယ်ခံရကြောင်း တရားဝင်ကြေညာဖို့ ၂ ရက်အလိုမှာ ဒီဆန္ဒပြမှု ဖြစ်ပွားတာပါ။

အဓိကကတော့ သမ္မတ Trump ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့တဲ့ ပြည်နယ်တွေမှာ Biden ရဲ့ မဲရလဒ်အဖြေကို ပြောင်းလဲနိုင်ရေး Trump ရဲ့ ဥပဒေအကျိုးဆောင်ရှေ့နေအဖွဲ့ရဲ့ တရားရုံး အယူခံတင်သွင်းမှုကို ပယ်ချခံလိုက်ရပြီးနောက် Trump ကို ထောက်ခံကြောင်း လာပြီး လူထောင်ချီ စုဝေးဆန္ဒပြကြတာပါ။

ဒီဆန္ဒပြပွဲဖြစ်မြောက်ရေး သီတင်းပတ်တွေနဲ့ချီ ကြိုတင်ပြင်ဆင်ခဲ့တာ ဖြစ်ပေမယ့်လို့ “ဝိုး … မဲခိုးမှုတွေ ရပ်ပစ်ဖို့ ထောင်ချီတဲ့လူအုပ်ကြီး မြို့တော်ဝါရှင်တန်ဒီစီကို အရောက်လာခဲ့ကြတယ်။ ဒီလိုလာကြမယ်ဆိုတာ ကြိုမသိထားပေမယ့် သူတို့နဲ့ ဆုံရတော့မယ်၊ MAGA Make America Great Again အမေရိကန်ပြည်ထောင်စုကြီး ပြန်ပြီးကြီးမြတ်စေရမယ်” လို့ သမ္မတ Trump က သူ့ တွစ်တာ လူမှုကွန်ရက်ကနေ ပြောခဲ့ပါတယ်။

နိုဝင်ဘာ ၃ ရွေးကောက်ပွဲမှာ သမ္မတ Trump ရှုံးနိမ့်ခဲ့တဲ့ ပြည်နယ် ၄ ခုက မဲရလဒ်တွေကို တရားမဝင်အဖြစ် သတ်မှတ်ကြေညာပေးဖို့ တက္ကဆက်စ်ပြည်နယ်က လျှောက်ထားတာကို အမေရိကန်တရားရုံးချုပ်ကနေ ပြီးခဲ့တဲ့သောကြာနေ့က ပယ်ချလိုက်တာပါ။

စနေနေ့က လူထုချီတက်ဆန္ဒပြပွဲကိုတော့ မကြာသေးခင်ကပဲ Trump ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ Trump ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးဟောင်း Michael Flynn ကိုယ်တိုင် ဦးဆောင်ပြီး Trump ကိုထောက်ခံတဲ့ ဘုရားကျောင်းတွေနဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဝါရှင်တန်ရဲရဲ့ ကိုဗစ်ကာကွယ်ရေး စည်းမျဉ်းချထားတဲ့ မျက်နှာဖုံး နှာခေါင်းစည်း Mask တွေကို ဆန္ဒပြသူ အနည်းငယ်လောက်ပဲ တပ်ထားခဲ့ကြတာပါ။ ဒီ့နောက်မှာတော့ အိမ်ဖြူတော်နားမှာ ဆန္ဒပြနေတဲ့ Black Lives Matter လူမည်းတွေရဲ့ ဘဝတွေကလည်း အရေးပါပါတယ်လို့ ဆန္ဒပြနေတဲ့သူတွေကို ထိပါးပြောဆိုတဲ့အတွက် အပြန်အလှန် ထိပ်တိုက်မှုတွေမဖြစ်အောင် ဝါရှင်တန်ရဲက စောင့်ကြည့် လုံခြုံရေးယူခဲ့ရတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဝါရှင်တန်ဒီစီ ဆန္ဒပြမှု ညပိုင်း ထိပ်တိုက်အကြမ်းဖက်မှုတွေ ရှိလာ

---------------------------

(Unicode)






SEE ALSO: ပြည်နယ် ၄ ခု မဲရလဒ်အငြင်းပွားမှု ကန်တရားရုံးချုပ် ပယ်ချ




