(Zawgyi / Unicode)
ယူကရိန်းအပေါ် ကျူးကျော်ခဲ့တဲ့အတွက် ရုရှားကို ပြင်းပြင်းထန်ထန် ရှုတ်ချပေမယ့် အမေရိကန်က ရုရှားသမ္မတကို ဖြုတ်ချဖို့ ကြိုးစားမှာမဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။
အစ္စရေးလ်နိုင်ငံ ဂျေရုဆလမ်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ခုလို ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။
“ရုရှားသမ္မတ ပူတင် အာဏာမြဲနေလို့ မဖြစ်ဘူး” လို့ ပိုလန်နိုင်ငံ ဝါဆောမြို့မှာ သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့အပြီး တရက်အကြာမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ခုလို ရှင်းလင်းလိုက်တာလည်း ဖြစ်ပါတယ်။
ယူကရိန်း ဒါမှမဟုတ် တခြားတနိုင်ငံကိုပဲဖြစ်ဖြစ် စစ်ဆင်နွှဲနိုင်အောင် ဒါမှမဟုတ် အကြမ်းဖက်နိုင်အောင်၊ ပူတင်မှာ လုပ်ပိုင်ခွင့်အာဏာရှိအောင် လုပ်ပေးဖို့ မဖြစ်နိုင်ဘူးလို့ သမ္မတ ဘိုင်ဒန်က ဆိုလိုတာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ရှင်းလင်းပါတယ်။
“ရုရှားမှာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် အစိုးရ ပြောင်းသွားစေဖို့ ကျနော်တို့မှာ မဟာဗျူဟာ ချထားတာ မရှိပါဘူး။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ဒါဟာ အဲဒီနိုင်ငံက ပြည်သူတွေအပေါ်မှာပဲ တည်ပါတယ်။ ရုရှားပြည်သူတွေအပေါ်ပဲ တည်ပါတယ်။” လို့ မစ္စတာ Blinken က ဆိုပါတယ်။
သမ္မတ ဂျိုးဘိုင်ဒန်က ပိုလန်နိုင်ငံမှာ မိန့်ခွန်းပြောကြားရာမှာ ယူကရိန်းစစ်ပွဲကို ဒီမိုကရေစီနဲ့ အာဏာရှင် အုပ်ချုပ်ရေးကြား တိုက်ပွဲ၊ လွတ်လပ်ခွင့်နဲ့ ဖိနှိပ်မှုအကြား တိုက်ပွဲ၊ စည်မျဉ်းဥပဒေ အခြေခံ တည်ငြိမ်မှုနဲ့ အကြမ်းအရမ်း အင်အားသုံး အုပ်ချုပ်မှုကြား တိုက်ပွဲအဖြစ် ပြောကြားခဲ့တာပါ။
Your browser doesn’t support HTML5
---------------------------
(Unicode)