ဗင်နီဇွဲလား ရွေးကောက်ပွဲရလဒ် အမေရိကန်စိုးရိမ်

ရွေးကောက်ပွဲအနိုင်ရပြီးနောက် ဗင်နီဇွဲလားနိုင်ငံ ကာရာကပ်စ်မြို့တော်မှာ ဗင်နီဇွဲလားသမ္မတ Nicolás Maduro က သူ့ရဲ့ ထောက်ခံသူများကို မိန့်ခွန်းပြောကြားနေစဉ် (ဇူလိုင် ၂၉၊ ၂၀၂၄)

ဗင်နီဇွဲလားနိုင်ငံမှာ လက်ရှိသမ္မတ Nicolás Maduro အနိုင်ရကြောင်း ကြေညာခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်အပေါ် အမေရိကန်က အထူးစိုးရိမ်မိကြောင်း နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဒီနေ့ပဲ ပြောလိုက်ပါတယ်။

“ဗင်နီဇွဲလားပြည်သူတွေ၊ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒတွေကို ကိုယ်စားမပြုတဲ့ ရွေးကောက်ပွဲ ရလဒ်ကို ကြေညာလိုက်တဲ့အပေါ် အထူးစိုးရိမ်မိပါတယ်။ မဲအားလုံးကို မျှမျှတတနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ ထည့်သွင်းရေတွက်ဖို့ အရေးကြီးပါတယ်။ ရွေးကောက်ပွဲ တာဝန်ရှိသူတွေ အနေနဲ့လည်း အချက်အလက်တွေကို အတိုက်အခံတွေ၊ သီးခြားလွတ်လပ်တဲ့ စောင့်ကြည့်သူတွေ သိနိုင်အောင် အမြန်ဆုံး မျှဝေဖို့ အရေးကြီးပါတယ်။” လို့ ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် က ပြောလိုက်တာပါ။

တနင်္ဂနွေနေ့က သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Maduro အနိုင်ရကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပေမဲ့ အတိုက်အခံပါတီကလည်း အနိုင်ရကြောင်း ပြောဆိုနေတာ ဖြစ်ပါတယ်။ မနေ့ည သန်းခေါင်ကျော်အချိန်မှာ ရွေးကောက်ပွဲ ကော်မရှင်က ရလဒ်တွေ ကြေညာရာမှာတော့ သမ္မတ Maduro က မဲအားလုံးရဲ့ ၅၁ ရာခိုင်နှုန်းရရှိခဲ့ပြီး အဓိကအတိုက်အခံ Edmundo González ကတော့ ၄၄ ရာခိုင်နှုန်းရတယ်လို့ ပြောခဲ့တာပါ။

အတိုက်အခံခေါင်းဆောင် Gonzalez (ဂွန်ဇာလက်ဇ်) ကလည်း ဗင်နီဇွဲလားနိုင်ငံသားတွေနဲ့ တကမ္ဘာလုံးက ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာကို သိပါတယ်လို့ သူ့ရဲ့ ပထမဆုံးမှတ်ချက်မှာ ပြောသွားပါတယ်။
ချီလီသမ္မတ ဂါဘရီရယ် ဘောရစ်ကလည်း ရွေးကောက်ပွဲ ရလဒ်ဟာ “ယုံရခက်” တဲ့ ရလဒ်လို့ပြောပါတယ်။

အာဂျင်တီးနား၊ ကော်စတာရီကာ၊ အီကွေဒေါ၊ ဂွာတီမာလာ၊ ပနားမား၊ ပါရာဂွေး၊ ပီရူး၊ ဒိုမီနီကန် သမ္မတနိုင်ငံနဲ့ ဥရုဂွေးနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေကလည်း ပွင့်လင်းမြင်သာစွာ ရေတွက်ဖို့နဲ့ ဗင်နီဇွဲလားပြည်သူတွေရဲ့ ဆန္ဒကို လေးစားလိုက်နာတာကသာ တခုတည်းသောနည်းလမ်းဖြစ်တယ်လို့ ပြောထားကြပါတယ်။

Your browser doesn’t support HTML5

ဗင်နီဇွဲလား ရွေးကောက်ပွဲရလဒ် အမေရိကန်စိုးရိမ်