ကန်နိုင်ငံခြားရေးဝန်ကြီး Tillerson ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းဆက်သွယ်

ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ လူသားချင်း စာနာစရာပြဿနာ ကိစ္စကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ကနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို တယ်လီဖုန်းနဲ့ ဆက်သွယ် ဆွေးနွေးခဲ့ပါတယ်။ စက်တင်ဘာလ ၁၉ ရက် အင်္ဂါနေ့က ဝန်ကြီး Rex Tillerson နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆက်သွယ် စကားပြောခဲ့တာမှာ ပြဿနာဖြစ်နေတဲ့ နေရာတွေကို အကူအညီတွေ ပေးပို့နိုင်ဖို့ မြန်မာအစိုးရနဲ့ စစ်တပ်က ပံ့ပိုးဆောင်ရွက်ပေးဖို့ ဝန်ကြီး Tillerson ကတိုက်တွန်းခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

စိုးရိမ်စရာကောင်းတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အကြမ်းဖက် ဆောင်ရွက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဖြေရှင်းဖို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Tillerson ကတိုက်တွန်းခဲ့ကြောင်း နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Heather Nauert ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်ထဲက အကြမ်းဖက်မှုတွေ အဆုံးသတ်အောင် မြန်မာအစိုးရ သန္ဓိဌာန်ချ ဆောင်ရွက်နေတာနဲ့ အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်ပစ်ထွက်ပြေးနေသူတွေ ပြန်လာခွင့်ပြုတဲ့အပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ကြိုဆိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့ပါတယ်။

အခြေအနေတွေကို ကုလသမဂ္ဂက စောင့်ကြည့်လေ့လာခွင့်ပြုဖို့ ဖုန်းနဲ့ဆက်သွယ်ပြောကြားစဉ် တောင်းဆိုခဲ့တယ်လို့လည်း အမည်မဖော်လိုတဲ့ နိုင်ငံခြားရေးဌာန ထိပ်တန်းအရာရှိတယောက်က AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy လည်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ မြန်မာနိုင်ငံမှာ ရောက်နေပါတယ်။

တချိန်ထဲမှာပဲ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေ အတွက် ပြင်းထန်ထိရောက်တဲ့ တုံ့ပြန်ဆောင်ရွက်မှုကို အမေရိကန်အနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တဆင့် လုပ်ပါလို့ အမေရိကန် လွှတ်တော်အမတ် ၂၄ ယောက်က လက်မှတ်ထိုးပြီး နိုင်ငံခြားရေးဝန်ကြီး Tillerson ကိုတောင်းဆိုခဲ့ပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့စွဲနဲ့ နိုင်ငံခြားရေး ဝန်ကြီးဆီပေးပို့ခဲ့တဲ့ စာထဲမှာ မြန်မာစစ်တပ်နဲ့ စီစဉ်ထားတဲ့ စစ်သင်တန်း အစီအစဉ်တွေ အားလုံးကို အမြန်ဆုံး ရပ်ဆိုင်းဖို့တောင်းဆိုပါတယ်။ အရပ်သားအစိုးရ အုပ်ချုပ်မှုကို မနာခံတဲ့အပြင် အပြစ်မဲ့ပြည်သူတွေကို လူသားမဆန်စွာ ဆောင်ရွက်နေတဲ့ မြန်မာစစ်တပ်နဲ့ ပုံမှန်အတိုင်းဆက်ဆံနေဖို့ မသင့်ဘူးလို့ လွှတ်တော်အမတ် Joseph Crowley ဦးဆောင် လက်မှတ်ထိုးပေးပို့တဲ့စာထဲမှာ ရေးသားထားပါတယ်။

Your browser doesn’t support HTML5

ကန်နိုင်ငံခြားရေးဝန်ကြီး Tillerson ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းဆက်သွယ်